မှတ်တမ်းတင်ဂုဏ်ပြုခြင်းနှင့် ကျေးဇူးတင်ရှိခြင်း

မှတ်တမ်းတင်ဂုဏ်ပြုခြင်းနှင့် ကျေးဇူးတင်ရှိခြင်း

 

မြန်မာအမျိုးသားလေကြောင်း (Myanmar National Airlines) မှ Embraer - 190 လေယာဉ် အမျိုးအစား၊ လေယာဉ်မှတ်ပုံတင်အမှတ် (XY-AGQ)  ဖြင့် ၂၀၁၉ ခုနှစ်၊ မေလ (၁၂) ရက်နေ့တွင် ရန်ကုန် - မန္တလေး - ရန်ကုန် ခရီးစဉ် ပျံသန်းရာ၌ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ Nose Landing Gear မကျသည့်အခြေအနေအတိုင်း Emergency Landing ဆင်းသက်ခဲ့သည့်ဖြစ်စဉ်တွင် ခရီးသည်နှင့် လေယာဉ်အမှုထမ်းများအားလုံး ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာ မရရှိစေဘဲ အကောင်းဆုံး အခြေအနေရရှိအောင် မိမိ၏ တာဝန်ဝတ္တရားများကို တည်ငြိမ်ပိုင်နိုင် ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်၊ တွဲဘက်လေယာဉ်မှူး ဦးကောင်းဆက်လင်း နှင့် ဦးမျိုးသီဟအောင်၊ အကြီးတန်းလေယာဉ်မယ် ဒေါ်ချယ်ရီမြင့်၊ လေယာဉ်မယ် ဒေါ်ကေဂျာဆန်အောင်၊ ဒေါ်ခိုင်ဇာလင်း နှင့် ဒေါ်ဥမ္မာအောင်တို့ကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း ဖော်ပြအပ်ပါသည်။

အဆိုပါ လေယာဉ်မတော်တဆထိခိုက်မှုဖြစ်စဉ်တွင် ကိုယ်တိုင်လာရောက်၍ လေယာဉ်အမှုထမ်း များနှင့် ခရီးသည်များကို တွေ့ဆုံအားပေး စကားပြောကြားခြင်း၊ လေယာဉ်ပြေးလမ်းကို ပုံမှန်အတိုင်း အမြန်ဆုံး ပြန်လည် အသုံးပြုနိုင်ရန် မတော်တဆ ထိခိုက်သည့် လေယာဉ်ကို ရွှေ့ပြောင်းသယ်ယူနိုင်ရေး အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်း တို့ကို ကြီးကြပ်ကူညီ ဆောင်ရွက်ပေးကြပါသော မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏအောင်၊ ဦးမင်းမင်းညီ နှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ လမ်းဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ တံတားဦး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် လေကြောင်းထိန်းဌာနခွဲ၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် MC-Jalux Airport Services Co., Ltd. တို့မှ ပူးပေါင်း ပါဝင် ကူညီပေးသူများ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

 

 

                                                                         ပြည်ထောင်စုဝန်ကြီး

          ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန