မြန်မာ ၄.၀ မူဝါဒနှင့် လုပ်ငန်းစဉ်များပြုစုရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဩဂုတ် ၂၇

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်၍ မြန်မာ ၄.၀ မူဝါဒနှင့် လုပ်ငန်းစဉ်များပြုစုနိုင်ရေးအတွက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့မှ မြန်မာ ၄.၀ မူဝါဒနှင့် လုပ်ငန်းစဉ်များ ပြုစုရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၀၉:၀၀ နာရီတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂) ၊ နေပြည်တော်တွင် ကျင်းပခဲ့ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က  တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌတို့က Myanmar 4.0 နှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး Myanmar 4.0 Whitepaper နှင့် ပတ်သက်၍ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌက မူဝါဒပိုင်းဆိုင်ရာများကို လည်းကောင်း၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌက နည်းပညာပိုင်း ဆိုင်ရာများကို လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပါသည်၊၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ အထွေထွေအတွင်းရေးမှူးက Myanmar 4.0 Whitepaper ရေးဆွဲရေးအတွက် အကျိုးပါဝင်ပတ်သက်သူများနှင့် ပူးပေါင်းဆောင်ရွက်သည့်ကိစ္စများအား အသီးသီး ရှင်းလင်း တင်ပြခဲ့ကြပြီး တက်ရောက်လာသူများမှ မြန်မာ ၄.၀ မူဝါဒနှင့် လုပ်ငန်းစဉ်များအား အောင်မြင်စွာပြုစုသွားနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။