မြန်မာအမျိုးသားလေကြောင်းပိုင် Embraer-190, XY-AGQ လေယာဉ် လေယာဉ်၏ ရှေ့ဘီး မကျသည့် အခြေအနေဖြင့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အရေးပေါ် ဆင်းသက်မှု ပြုလုပ်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခြင်း

 

၁၂-၅-၂၀၁၉ ရက်နေ့ မန္တလေး

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာအမျိုးသားလေကြောင်းမှ Embraer-190, XY-AGQ သည် ခရီးစဉ်အမှတ် (UB-103)  ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်ကို လေယာဉ်မှူး ဦးမြတ်မိုးအောင်၊ တွဲဘက် လေယာဉ်မှူးများ ဖြစ်သည့် ဦးကောင်းဆက်မျိုး၊ ဦးသီဟအောင်၊ လေယာဉ်မယ်များဖြစ်သည့် ဒေါ်ကေဂျာဆန်အောင်၊ မခိုင်ဇာလင်း၊ ဒေါ်ဥမ္မာအောင် တို့မှ ပျံသန်းမှု တာဝန်ထမ်းဆောင်လျက် နိုင်ငံခြားသားခရီးသည် (၇) ဦး၊ နိုင်ငံသားခရီးသည် (၇၃) ဦး၊ လေယာဉ် လုံခြုံရေး (၂) ဦးနှင့် လေယာဉ်အမှုထမ်း (၆) ဦး၊ စုစုပေါင်း (၈၈) ဦးကို တင်ဆောင်၍ ၁၂-၅-၂၀၁၉ ရက်နေ့ (၀၇:၁၅) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာခဲ့ရာ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ်၏ ရှေ့ဘီး (Nose Landing Gear)  မကျသည့် အခြေအနေဖြင့် ဆင်းသက်မှု ပြုလုပ်ခဲ့ရပါသည်။

အဆိုပါ Embraer-190, XY-AGQ သည် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်ရန် (၀၈:၁၇) နာရီအချိန်တွင် ရောက်ရှိပြီး လေယာဉ်ဘီးချရာ လေယာဉ်၏ရှေ့ဘီး (Nose Landing Gear) မကျသည်ကို တွေ့ရှိရသဖြင့် လေယာဉ်မှူးမှ အရေးပေါ်လေယာဉ်ဆင်းသက်မှု လုပ်ငန်းစဉ် (Emergency Procedure) အတိုင်း ဆောင်ရွက်သော်လည်း လေယာဉ်ရှေ့ဘီး မကျသည့်အတွက်ကြောင့် လေကြောင်းထိန်း မျှော်စင်သို့ လေယာဉ်ဘီ ကျ - မကျ ကြည့်ရှု စစ်ဆေးပေးပါရန် နှစ်ကြိမ် ဝဲပတ်ပျံသန်း ပြသခဲ့ပါသည်။ မျက်မြင်စစ်ဆေး အတည်ပြုပြီး လေယာဉ်ဘီး မကျသည့်အတွက် လေယာဉ်တွင် ပါရှိလာသည့်ဆီများ လျော့နည်းသွားစေရန် ဝဲပတ်ပျံသန်းပြီးနောက် (၀၉:၀၉) နာရီအချိန်တွင် Runway 17 အတိုင်း Emergency Landing ပြုလုပ်ခဲ့ရာ ပြေးလမ်း (၄၅၀၀) ပေတွင် လေယာဉ်ဦးစိုက် အနေအထားဖြင့် ရပ်တန့်သွားခဲ့ပါသည်။

အဆိုပါ လေယာဉ် Emergency Landing ဆင်းသက်ရပ်တန့်ပြီးနောက် လေယာဉ် အမှုထမ်း များမှ ခရီးသည်များကို Emergency Evacuation Procedures အတိုင်း သတ်မှတ်ချိန်အတွင်းဘေးအန္တရာယ် ကင်းရှင်းစွာ လေယာဉ်ပေါ်မှ ဆင်းသက်နိုင်အောင် ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါဖြစ်စဉ်တွင် လေယာဉ်ပေါ်တွင် ပါရှိလာသော လေယာဉ်အမှုထမ်းများနှင့် ခရီးသည်များ အားလုံး တစ်စုံတစ်ရာ ထိခိုက်မှု မရှိပါကြောင်းနှင့် လေယာဉ် ထိခိုက်ပျက်စီးမှု အနည်းငယ် ရှိပါသည်။

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် လေယာဉ်ပြေးလမ်းကို လေယာဉ်အရေးပေါ် ဆင်းသက်ချိန် မှစ၍ ခေတ္တပိတ်ထားခဲ့ပါသည်။ အရေးပေါ်ဆင်းသက်ခဲ့သည့် လေယာဉ်အတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပြီးစီးချိန် နံနက် (၁၁:၃၀) နာရီအချိန်၌ လေယာဉ်ပြေးလမ်း ပေ (၇၀၀၀) အသုံးပြု ဆင်းသက်ရန် ပြန်လည်ဖွင့်လှစ်၍ ATR အမျိုးအစား လေယာဉ်များ ဆင်းသက်ရန် ခွင့်ပြုထားပါသည်။

အရေးပေါ် ဆင်းသက်ခဲ့ရသည့် လေယာဉ်ကို ပြေးလမ်းပေါ်မှ ဖယ်ရှားရန်နှင့် ပျက်စီးမှု အခြေအနေများကို စိစစ်ရန် မြန်မာအမျိုးသားလေကြောင်းမှ အမှုဆောင်အရာရှိချုပ် ဦးဆောင်သည့်  လေယာဉ်အင်ဂျင်နီယာအဖွဲ့နှင့် အရေးပေါ် ဆင်းသက်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု ပြုလုပ်မည့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မော် ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့တို့သည် မြန်မာအမျိုးသားလေကြောင်းမှ ATR လေယာဉ်ဖြင့်  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ (၁၁:၃၀) နာရီအချိန်တွင် ထွက်ခွာခဲ့ရာ မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ (၁၂:၅၀) နာရီအချိန်တွင် ရောက်ရှိခဲ့ပြီး လေယာဉ်ကို ပြေးလမ်းမှ ပြောင်းရွှေ့နိုင်ရေးနှင့် လိုအပ်သည့် စစ်ဆေးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။