မြန်မာယူနီကုဒ် စံစနစ်ကူးပြောင်းဆိုင်ရာ လုပ်ငန်းစဉ်များအတွက် သတင်းမီဒီယာ၊ စာနယ်ဇင်း အဖွဲ့အစည်းများနှင့် တွေဆုံပွဲ ရန်ကုန်မြို့၌ ကျင်းပ

 

မြန်မာယူနီကုဒ်စံစနစ်ကူးပြောင်းဆိုင်ရာ လုပ်ငန်းစဉ်များအတွက် သတင်းမီဒီယာ၊ စာနယ်ဇင်း အဖွဲ့အစည်းများနှင့်တွေဆုံပွဲ အခမ်းအနားကို ယနေ့ ညနေ ၅ နာရီတွင် ရန်ကုန်မြို့လှိုင်မြို့နယ် MICT Park ရှိ Conferenece Hall ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြန်မာနိုင်ငံကွန်ပျုတာပညာဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ၊ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာယူနီယံကုဒ် စံစနစ်ကို ကူးပြောင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအတွက် အောက်တိုဘာ ၁ ရက်မှစတင်၍ အများပြည်သူအကြားတွင် တွင်ကျယ်စွာ အသုံးပြုနိုင်ရေးအတွက် သတင်းမီဒီယာ နှင့် စာနယ်ဇင်းများမှ တက်ရောက်လာကြသူများအနေဖြင့် ပြည်သူလူထု အကြား မြန်မာယူနီယံကုဒ် စံစနစ်နှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်ပြီး အသုးံပြုနိုင်ရေးအတွက် မီဒီယာများက ဝိုင်းဝန်းကူညီဆောက်ရွက်ပေးကြရန်လိုကြောင်း၊ မြန်မာယူနီကုဒ်စံစနစ်သည် နိုင်ငံတော် အစိုးရ၏ e-Govermment လုပ်ငန်းစဉ် အရှိန်အဟုန်တိုးတက်လာစေရေးအတွက် အထောက်အကူဖြစ်စေမှာဖြစ်ပြီး သတင်းအချက်လက်နှင့် နည်းပညာဖွံဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ အစိုးရ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ဌာနဆိုင်ရာများအနေဖြင့် ပြည်သူများအားဝန်ဆောင်မှုပေးရာတွင် တူညီသည့်စနစ်တစ်ခုကို အသုးံပြုခြင်းဖြင့် အပြန်အလှန်သိရှိနားလည်ပြီး လုပ်ငန်းများလွယ်ကူ မြန်ဆန်စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ ယခုပြောင်းလဲအသုးံပြုသွားမည့် စံစနစ်သည့် နိုင်ငံတကာနှင့် ကိုက်ညီသော စံစနစ်တစ်ခုဖြစ်သောကြောင့် နိုင်ငံတကာနှင့် ပေါင်းကူးဆက်ဆံရာတွင် သတင်းအချက်အလက်နှင့် နည်းပညာများ သွက်လက်မြန်ဆန်လာမည်ဖြစ်သည့်အတွက် ပြည်သူများနှင့် ထိတွေ့မှုများသော သတင်းမီဒီယာများနှင့် စာနယ်ဇင်းသမားများအနေဖြင့် ဝိုင်းဝန်းကူညီပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်း က အမှာစကားပြောကြားရာတွင် မြန်မာယူနီကုဒ် စံနစ်ကို စတင်စိတ်ကူးခဲ့သည်မှာ နှစ်ပေါင်း ၂၀ ခန့်ရှိပြီးဖြစ်ကြောင်း၊ ယခုပြောင်းလဲမှုသည်အရေးကြီးကြောင်း၊ ထိုကြောင့် မီဒီယာများ၏ ပူးပေါင်းပါဝင်မှုအားသည့် အဓိကနေရာမှပါဝင်နေကြောင်း၊ထို့အပြင် ပြည်သူအားလုံးလိုက်ပါရန်လိုအပ်ပြီး မိမိတို့နိုင်ငံ၏ ညီညွတ်မှုကိုပြသရန်အခွင့်အရေးတစ်ရပ်ပင်ဖြစ်ကြောင်း၊ အောက်တိုဘာ ၁ရက်တွင် စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး စတင်အကောင်အထည်ဖော်ရာတွင် အခက်အခဲတချို့ရှိနိုင်သော်လည်း အချိန်အနည်းငယ်အတွင်းပြေလည်သွားမည်ဟုယုံကြည်ကြောင်း၊ထို့သို့အကောင်အထည်ဖော်ဆောင်မှုနှင့်ပတ်သက်၍ မီဒီယာများနှင့် ထပ်မံတွေ့ဆုံရန်ရှိကြောင်း၊ ယခုပြောင်းလဲမှုအတွက် မီဒီယာများ၏အားကိုလိုအပ်ကြောင်း၊မီဒီယာများအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားမည်ဟု မိမိအနေဖြင့်ယုံကြည်ကြောင်း ပြောကြားသည်။

ထိုနောက် မြန်မာကွန်ပျုတာအသင်းချုပ်(MCF) ဥက္ကဌ၊ ဦးမင်းဇေယျာလှိုင်ကကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဒုတိယ ဥက္ကဌ ဒေါက်တာထွန်းသူရသက်က မြန်မာယူနီကုဒ်စံစနစ်နှင့် စပ်လျဉ်း၍လည်ကောင်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းစုငြိမ်းက အများပြည်သူ အသိပညာရေးလုပ်ငန်း အစီအစဉ်များနှင့် စပ်လျဉ်း၍ လည်ကောင်း ရှင်းလင်းပြောကြားသည်။

အခမ်းအနားသို့ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး၊ သတင်းမီဒီယာ၊စာနယ်ဇင်း အဖွဲ့အစည်းများမှ  တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့သည်။