မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ ဒုတိယအကြိမ် အင်္ဂလိပ်စာ နှုတ်မှုစွမ်းရည်မြှင့်တင် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

 

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ ဒုတိယအကြိမ်မြောက် အင်္ဂလိပ်စာ နှုတ်မှုစွမ်းရည်မြှင့်တင်ခြင်းကျပန်း စကားပြော ပြိုင်ပွဲ “2nd Impromptu Speech Contest, Show Debate and Quiz Game” အား ဇူလိုင်လ (၁၁) ရက်နေ့၊ နံနက် (၁၀) နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် သီလဝါရှိ  မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်က အဖွင့်အမှာစကား ပြောကြားသည်။ ၎င်းနောက် Myanmar Excellent Star Maritime Training Centre မှ ကျောင်းအုပ်ကြီး ကပ္ပတိန် မင်းမင်းထွန်းက ကျောင်းသား၊ ကျောင်းသူများ၏ ဒုတိယအကြိမ် အင်္ဂလိပ်စာ နှုတ်မှုစွမ်းရည်မြှင့်တင်ခြင်းကျပန်းစကားပြောပြိုင်ပွဲတွင်  ပူးပေါင်းပါ၀င်ကူညီမှုနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားပါသည်။ အင်္ဂလိပ်စာဌာန၊ ဌာနမှူး ဒေါ်ဌေးဌေး၀င်းက ယနေ့ ပြိုင်ပွဲ၏ထူးခြားချက်မှာ Show Debate နှင့် Quiz Game ကို ထည့်သွင်းပေးထားခြင်းဖြစ်ကြောင်း၊ အဓိက အနေဖြင့် ကျောင်းသူ၊ ကျောင်းသားများအား အင်္ဂလိပ်စာ စွမ်းရည် တိုးတက်စေရန်၊ လုပ်ငန်းခွင်ဝင်သည့်အခါ အခြားနိုင်ငံခြားသားများနှင့် ဆက်သွယ် ပြောဆိုရာတွင် အဆင်ပြေလွယ်ကူစေရန်အတွက်ဖြစ်ကြောင်း၊  ယနေ့ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လည်း ၎င်းတို့ စဉ်းစားထားသည့် အကြောင်းအရာ ခေါင်းစဉ်များကို ထုတ်နှုတ် ပြောဆိုနိုင်ခြင်းဖြင့် မိမိ ကိုယ်ကို မိမိ ယုံကြည်မှုများ ရှိလာမည်၊ ခေါင်းဆောင်မှုစွမ်းရည်များ တိုးတက်လာစေမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ အင်္ဂလိပ်စာ နှုတ်မှုစွမ်းရည်ပြိုင်ပွဲတွင် မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ (၈) ဦးတို့က ကြိုက်နှစ်သက်ရာ ခေါင်းစဉ်များဖြင့် တစ်ဦးချင်း ယှဉ်ပြိုင်ပြောဆိုကာ ပြိုင်ပွဲဝင်ခဲ့ကြသည်။ ပြိုင်ပွဲအပြီးတွင် ရမှတ် အနည်းအများ အပေါ် မူတည်၍ ပထမဆုကို (ME-34) Mg Phyo Thiha, Fourth year က လည်းကောင်း၊ ဒုတိယဆုကို (RC-2) Ma Thun Thiri Toe, Second Year က လည်းကောင်း၊ တတိယဆုကို (MM-21) Ma Thu Thu Aung, Third Year က လည်းကောင်း ရရှိခဲ့ကြပါသည်။ ပထမဆု၊ ဒုတိယဆု၊ တတိယဆု နှင့် အခြားဆုရ ကျောင်းသူ၊ ကျောင်းသားများကို မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်၊ MES ကျောင်းအုပ်ကြီး ကပ္ပတိန် မင်းမင်းထွန်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ပထမဆုရ မောင်ဖြိုးသီဟ က ကျေးဇူးတင်စကား ပြန်လည်ပြောကြား ပါသည်။ ယင်းနောက် ဆုရကျောင်းသား ကျောင်းသူများနှင့်အတူ တာဝန်ရှိသူများ က စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ ယခုနှစ်၏ ဒုတိယ အကြိမ်မြောက် အင်္ဂလိပ်စာစွမ်းရည်မြှင့်တင်ပြိုင်ပွဲကို မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ်နှင့် Myanmar Excellent Star Maritime Training Centre တို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်အနေဖြင့် ထိုပြိုင်ပွဲများအား နှစ်စဉ်ကျင်းပသွားမည်ဖြစ်ပါသည်။