ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် (၁၉)ကြိမ်မြောက် အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဝန်ကြီးများ အစည်းအဝေး တက်ရောက်

 

နေပြည်တော် အောက်တိုဘာ ၂၇

             (၁၉)ကြိမ်မြောက် အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များကို လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ အောက်တိုဘာ ၂၄ ရက်မှ ၂၅ ရက် အထိ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် တက်ရောက်ခဲ့ သည်။

       အဆိုပါ အစည်းအဝေးများ၌ ပြည်ထောင်စုဝန်ကြီးသည် အာဆီယံနိုင်ငံ များ အတွင်း ဒစ်ဂျစ်တယ် အီကိုစနစ်များ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး၊ ဒစ်ဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး၊ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေး၊ Smart City စနစ်နှင့် တီထွင်ဆန်းသစ်မှုများ ဖွံ့ဖြိုး တိုးတက်လာရေး၊ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်များ မြင့်မားလာစေရန် ပြုစုပျိုးထောင်နိုင်ရေး၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အစီအမံများ အားကောင်းရေးနှင့် ဆိုက်ဘာ လုံခြုံ‌ရေးဆိုင်ရာ အခြား ဆက်စပ်ကဏ္ဍများနှင့် ချောမွေ့စွာဆက်သွယ်ဆောင်ရွက် နိုင်ရေးအတွက် ဆိုက်ဘာလုံခြုံ‌ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ တစ်ရပ် ဖွဲ့စည်းဆောင်ရွက် နိုင်ရေးတို့ကို အခြားအာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာဝန်ကြီး များနှင့်အတူ အမြင်ချင်း ဖလှယ်၍ ဆွေးနွေးပြောကြားခဲ့သည်။

         ထို့ပြင် အာဆီယံနိုင်ငံများအတွင်း ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်ကဏ္ဍ ဖွံဖြိုးတိုးတက်မှုများနှင့် ပြောင်းလဲ တိုးတက်လာ သည့် နည်းပညာဆိုင်ရာများအပေါ် အမြင်များ ဆွေးနွေး ဖလှယ်ခြင်း၊ ၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် စပ်လျဉ်း ၍ ဆောင်ရွက် ပြီးစီးမှုများအပေါ် ဆွေးနွေးအတည်ပြုခြင်း၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ နှင့် စပ်လျဉ်း၍ ဆွေးနွေးအတည်ပြုထုတ်ပြန်ခြင်း၊ ဆွေးနွေးဘက်နိုင်ငံများ ဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီး ယားနိုင်ငံများနှင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအပေါ် ဆွေးနွေးအတည်ပြုခြင်း၊ အပြည် ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ်နှင့် အာဆီယံ နိုင်ငံများအကြား ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးအတည်ပြု ခြင်း၊ ASEAN ICT Award 2019 အတွက် ဆုရရှိ သူများအား ဆုချီးမြှင့်ခြင်းနှင့် ဗီယင်ကျန်း ကြေညာစာတမ်း ထုတ်ပြန်ခြင်း များကို ဆောင်ရွက်ခဲ့ကြသည်။

              ပြည်ထောင်စုဝန်ကြီးသည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ရောက်ရှိစဉ် အခြား အာဆီယံ နိုင်ငံမှ ဝန်ကြီးများ နှင့်အတူ လာအိုနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Mr. Sonexay Siphandone နှင့် တွေ့ဆုံ နှုတ်ဆက်ခြင်းနှင့် 5G Trial Launching အခမ်းအနားသို့ တက်ရောက်ခဲ့သည်။