ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဘရားဇီးလ်နိုင်ငံ၊ EMBRAER ကုမ္ပဏီမှထုတ်လုပ်သော မျိုးဆက်သစ် EMBRAER E-190 E2 လေယာဉ်ပြသရှင်းလင်းပွဲသို့ တက်ရောက်

 

ရန်ကုန်၊ အောက်တိုဘာ (၁၁)


    ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်၊ မြန်မာ အမျိုးသားလေကြောင်း၊ အမှုဆောင်အရာရှိချုပ် ဦးသန်းထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများ နှင့် လေကြောင်းလိုင်းများမှ တာဝန်ရှိသူများသည် အောက်တိုဘာလ (၉) ရက်၊ မွန်းလွဲ (၂)နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဘရာဇီးလ်နိုင်ငံ၊ EMBRAER ကုမ္ပဏီမှ ထုတ်လုပ်သော မျိုးဆက်သစ် EMBRAER E-190 E2 လေယာဉ်ပြသရှင်းလင်းပွဲသို့ တက်ရောက် ခဲ့ကြသည်။


    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါလေယာဉ်ပေါ်သို့ တက်ရောက်လှည့်လည် ကြည့်ရှုခဲ့ကြပြီး လေယာဉ်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ အဆိုပါ EMBRAER ကုမ္ပဏီမှ ထုတ်လုပ်သော မျိုးဆက်သစ် EMBRAER လေယာဉ်များကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၆၀)ရှိ လေကြောင်းလိုင်း (၁၁၁)လိုင်းမှ စီးရေ (၁၇၀၀)ခန့် အသုံးပြုလျက်ရှိပါသည်။ ယခုလာရောက်ပြသသော EMBRAER E-190 E2 လေယာဉ်သည် လေယာဉ်ဒီဇိုင်းမှအစ အဖက်ဖက်မှ ပြုပြင် ပြောင်းလဲကာ မျိုးဆက်သစ်အဖြစ် ယခု ၂၀၁၈ ခုနှစ်တွင် ဈေးကွက်အတွင်း စတင်ဖြန့်ဖြူးလာသော လေယာဉ် အမျိုးအစားသစ်ဖြစ်သည်။