ပြည်ထောင်စုဝန်ကြီးအား ဂျပန်နိုင်ငံ ပြည်ထဲရေးနှင့်ဆက်သွယ်ရေး ဒုတိယဝန်ကြီး လာရောက်တွေ့ဆုံ

ဂျပန်နိုင်ငံ ၊ ပြည်ထဲရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး Ms. Megumi Kaneko ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် မြန်မာနိုင်ငံ သို့ လာရောက်စဉ် (၁၇.၁.၂၀၁၇)ရက် နေ့ နံနက် (၁၀:၃၀) နာရီ တွင် ရန်ကုန်မြို့၊ ကမ်းနားလမ်း နှင့် ဗိုလ်အောင်ကျော်လမ်း ထောင့်ရှိ ရန်ကုန်စာတိုက်ကြီး သို့ ဝင်ရောက် ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။
အဆိုပါ ဂျပန်နိုင်ငံ ဒုတိယဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် (၁၈.၁.၂၀၁၇) ရက်နေ့ နံနက်(၁၀:၃၀)နာရီ တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂)တွင် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်အား လာရောက် ဂါရဝပြုတွေ့ဆုံရာတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ဂျပန်နိုင်ငံ KSGM Co.Ltd တို့ Joint Operation Agreement အရ ဆက်သွယ်ရေးဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေရေး အတွက် Infrastructure များ တိုးချဲ့ တည်ဆောက်သွားရေး၊ ဂျပန်နိုင်ငံ ODA Loan ဖြင့် ရန်ကုန် ၊ မန္တလေး  ၊နေပြည်တော် မြို့ကြီးများတွင် ပင်မဖိုက်ဘာဆက်ကြောင်းများ တည်ဆောက်ခြင်း၊ စက်ပစ္စည်း တပ်ဆင်ခြင်း၊ National Gateway များ အဆင့်မြှင့်တင်ခြင်း စသည့် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအား စီမံကိန်းကာလအတွင်း အချိန်မီဆောင်ရွက်နိုင်ရေး၊ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများအား ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက် နေသည့် ဆက်သွယ်ရေး ကဏ္ဍများ သင်ယူလေ့လာနိုင်ရေးအတွက် ၂၀၁၅ခုနှစ် နှင့် ၂၀၁၆ခုနှစ် များထက် ၂၀၁၇ခုနှစ်တွင် သင်တန်းသားများ ထပ်တိုးခေါ်ယူရေး၊ e-Governmentလုပ်ငန်းစဉ်များ အောင်မြင်ရန်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ်များ တိုးတက်လာ စေရန်နှင့် နည်းပညာအကူအညီများပေးနိုင်ရေး၊ Capacity Development on Cyber Security စီမံကိန်းကို ဂျပန်နိုင်ငံမှ ကူညီဆောင်ရွက်ပေးသွားမည့် အစီအမံများနှင့် မြန်မာ့စာတိုက်လုပ်ငန်းနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့် စာတိုက်ဝန်ဆောင်မှုများအပေါ်  ပြည်သူလူထုမှ ယုံကြည်အားကိုးမှု ပိုမိုရရှိစေရန်နှင့် ဝန်ဆောင်မှုသစ်များ တိုးချဲ့ဆောင်ရွက်ရာတွင် အောင်မြင်တိုးတက် စေရန်အတွက် ဂျပန်နိုင်ငံ၏ အတွေ့အကြုံများနှင့် လိုအပ်သည့် အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး Ms. Megumi Kaneko သည် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနှင့် Ministery of Internal Affairs and Communications (MIC), Japan တို့ ပူးပေါင်း၍ (၁၆.၁.၂၀၁၇)ရက် နေ့မှ စတင်ဖွင့်လှစ်သည့် ICT for Promoting e-Government သင်တန်း သင်ကြားပို့ချနေမှုများအား ကြည့်ရှုစစ်ဆေးပြီး ကျွမ်းကျင်စွာဆောင်ရွက်နိုင်ရေး ကြိုးစားသင်ယူသွားကြရန် တိုက်တွန်း ပြောကြားခဲ့ပါကြောင်းနှင့် အဆိုပါသင်တန်းသို့ ဝန်ကြီးဌာန(၂၂)ခုမှ သင်တန်းသား (၃၈)ဦးတက်ရောက် လျှက်ရှိပါသည်။