ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရထားလမ်းရေကျော်သဖြင့် ရထားခရီးစဉ်များ ခေတ္တရပ်နားထားရ

(၉.၈.၂၀၂၃)

မွန်ပြည်နယ်အတွင်း ယနေ့နံနက်ပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ အရှိန်အဟုန်ဖြင့် စီးဆင်းလာသောကြောင့် ဘီးလင်းမြို့နယ်၊ ဒုံဝန်းဘူတာနှင့် နှင်းပုလဲဘူတာ အကြား ပေ(၁၅၀၀)ခန့် ရှည်လျားသော ရထားလမ်းနေရာတွင် သံလမ်းအထက်   နှစ်လက်မခန့် ရေကျော်မှုဖြစ်ပွားနေသဖြင့် လူစီးရထားများ ဖြတ်သန်းရာတွင် ဘေးအန္တရာယ် မဖြစ်ပေါ်စေရေး အတွက် ရန်ကုန်-မော်လမြိုင် လူစီးရထားခရီးစဉ်(၄)ခုကို ရပ်တန့်ထားရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ရန်ကုန်မှ ထွက်ခွာလာသော အမှတ်(၈၁)အဆန် လူစီးအမြန် ရထားနှင့် အမှတ်(၈၉)အဆန် RBE အမြန်ရထားတို့သည် နှင်းပုလဲဘူတာ၌ လည်းကောင်း၊ မော်လမြိုင်မှထွက်ခွာလာသော အမှတ်(၈၂)အစုန် လူစီး အမြန်ရထားသည် တောင်စွန်းဘူတာနှင့် အမှတ်(၉၀)အစုန် RBE အမြန်ရထားသည် ဒုံဝန်းဘူတာတို့တွင်လည်းကောင်း ယာယီရပ်တန့်၍ ရေပြန်လည်ကျဆင်းသည့် အချိန်ကို စောင့်ဆိုင်းလျက်ရှိသည်။

ယနေ့ညနေပိုင်းတွင် ရေများပြန်လည်ကျဆင်းလျက်ရှိသော်လည်း အဆိုပါနယ်မြေအတွင်း တံတား(၄)ခုတွင် ရေစီးဆင်းမှု ပြင်းထန်လျက်ရှိသောကြောင့် မြန်မာ့မီးရထားမှတာဝန်ရှိသူများ အနေဖြင့် ရထားလမ်းတလျှောက်ရေတိုက်စားမှုများနှင့် တံတားများကြံ့ခိုင်ရေးကို ထိခိုက်မှုရှိ/မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ပျက်စီးမှုများရှိပါက အချိန်နှင့်တပြေးညီ ပြင်ဆင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုံခြုံစိတ်ချရမှုအခြေအနေပေါ် မူတည်၍ မူလခရီးစဉ်အတိုင်း ဆက်လက်ပြေးဆွဲနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန