ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် စစ်ကိုင်းတိုင်းဒေသကြီးရှိ ရေယာဉ်များစနစ်တကျပြေးဆွဲရေးကော်မတီဝင်များနှင့် ဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းများအား တွေ့ဆုံ

 

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ( ၂ ) ရက်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် (၂.၉.၂၀၁၇) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အစည်းအဝေးခန်းမတွင် ရေယာဉ်များစနစ်တကျပြေးဆွဲရေးကော်မတီဝင်များနှင့် ဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား တွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးသည် ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီဝင်များ အနေဖြင့် ရေယာဉ်များ မတော်တဆ မဖြစ်စေရေး အတွက် လူဦးရေ ပိုမတင်စေရေး၊ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအား တိကျစွာ လိုက်နာဆောင်ရွက်ရေး၊ အသက်ကယ်အင်္ကျီများ ပါရှိစေရေး၊ ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး၊ ကော်မတီများကလည်း မြို့နယ်အလိုက် စစ်ဆေးရေးတို့ကို ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မှ ညှိနှိုင်း ဆောင်ရွက်ပေးသွားရန် လမ်းညွှန် မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်း များအနေဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်းများအပေါ် စေတနာထား ဆောင်ရွက်ရန်၊ ကျန်းမာစွာ နေထိုင်ရန်၊ ဇွဲရှိရန်၊ အနစ်နာခံရန်နှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနမှလည်း မော်တော်ယာဉ် စစ်ဆေးမှုလုပ်ငန်း များအား Multiple Test Lane စနစ်ဖြင့် စနစ်တကျ စစ်ဆေးဆောင်ရွက်ရေး၊ မော်တော်ဆိုင်ကယ်မောင်းသူ တိုင်း ယာဉ်မောင်းလိုင်စင် ရှိစေရေးနှင့် ဆိုင်ကယ်မောင်းလိုင်စင် ထုတ်ပေးရာတွင် လည်း ဆိုင်ကယ်ကို စနစ်တကျ မောင်းနှင်တတ်စေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းအား ကောင်းမွန်စွာ နားလည်အောင် သင်ကြားပြသပေးရန်တို့ကို လမ်းညွှန် မှာကြားခဲ့ပါသည်။

ထို့နောက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ဆောင်ရွက်လျှက်ရှိသည့် မြစ်ကြောင်းထိန်းသိမ်းရေး လုပ်ငန်းများအား ကြံ့ခိုင် ကောင်းမွန်စေရေး စနစ်တကျ ဆောင်ရွက်ရန်နှင့် ချို့ယွင်းအားနည်းမှု ကြုံပါ က အခြေအနေအား အချိန်နှင့် တပြေးညီ ဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ တို့အား အစီရင်ခံ တင်ပြသွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။