ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေး

နေပြည်တော်၊ မေ ၁

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း သည် (၁-၅-၂၀၂၁) ရက်နေ့၊ နံနက် (၀၉: ၀၀) နာရီအချိန်တွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် ဧည့်ခန်းမဆောင်၌ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနတာဝန်ခံများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြပါသည်။ ၎င်းနောက် ဒုတိယဝန်ကြီးက လက်တလောဖြေရှင်းပေးရမည့် ကိစ္စရပ်များကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ဂျပန်နိုင်ငံအစိုးရ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် The Project for Improvement of Aircraft Surveillance System တွင်ပါဝင်သော လုပ်ငန်းဖြစ်သည့် Aircraft Surveillance Radar-ASR တပ်ဆင်နိုင်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် တပ်ဆင်ပြီးဖြစ်သည့် ရေဒါအမှတ် (၂)သို့ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ရာ စီမံကိန်းတာဝန်ရှိသူများမှ စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးက စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးနှင့် သဘာဝဘေးအန္တရာယ်မကျရောက်စေရေးအတွက် ကာကွယ်စီမံမှုများ ဆောင်ရွက်သွား ကြရန် လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပါသည်။

၎င်းနောက် ဒုတိယဝန်ကြီးသည် လေကြောင်းထိန်းမျှော်စင်သို့ သွားရောက်၍ လေကြောင်းထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်နေမှုများကို တာဝန်ခံများရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ဆင်းသက်ပျံသန်းနိုင်ရေးအား အဓိကဦးစားပေးဆောင်ရွက်ရန်နှင့် လိုအပ်သည်များရှိ ပါက အချိန်နှင့်တပြေးညီ သတင်းပို့ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။