ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနများ နှင့် ဆိပ်ကမ်းများကို ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ကြည့်ရှုစစ်ဆေး(၂-၄-၂၀၂၁)

၂၀၂၁ ခုနှစ်၊ ဧပြီလ () ရက်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါ၍ ဧပြီလ (၂) ရက်နေ့တွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နှင့် ဆူးလေဆိပ်ကမ်း၊ အေးရှားဝေါလ်ဆိပ်ကမ်း၊ မြန်မာ့စက်မှုဆိပ်ကမ်းတို့ကို သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ဌာနများသို့‌ ရောက်ရှိချိန်တွင် ပြည်ထောင်စုဝန်ကြီးသည် ဌာနအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ ဖြင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံချိန်တွင် ဌာနအကြီးအကဲများမှ ဌာန၏ သမိုင်းအကျဉ်း၊ ဖွဲ့စည်းမှု၊ မူဝါဒ မျှော်မှန်းချက်နှင့် ရည်မှန်းချက် လုပ်ငန်းတာဝန်များ၊ ဝန်ထမ်း ခန့်ထားမှု အခြေအနေများ၊ ဝင်ငွေအသုံးစရိတ်များ၊ ဆောင်ရွက်ဆဲနှင့် ဆက်လက် ဆောင်ရွက်မည့် စီမံကိန်းများ ဝန်ထမ်း သက်သာချောင်ချိရေး ဆိုင်ရာ ဆောင်ရွက်ထားမှု အခြေအနေများကို တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ပြီး ဌာနများမှ ဝန်ထမ်းများကို စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ဌာနများမှ အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံချိန်၌ ပြောကြားရာတွင် မဲစာရင်း ရှုပ်ထွေးမှု ကွာဟမှုများကြောင့် နိုင်ငံတော်၏ ဒီမိုကရေစီ ခရီးစဉ်လမ်းတွင် ဖြစ်ပေါ်လာမည့် အခက်အခဲများကို ဥပဒေနှင့်အညီ ဖြေရှင်းရန်နှင့် စစ်မှန်ပြီး စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီစနစ်ကို ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဉပဒေ (၂၀၀၈ ခုနှစ်) နှင့် အညီ အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကာ ရှေ့လုပ်ငန်းစဉ် (၅)ရက်ကို ထုတ်ပြန်၍ နိုင်ငံတော်ကို ထိန်းသိမ်း ဆောင်ရွက်ခဲ့ရကြောင်း၊ အရေးပေါ်ကာလတွင် မသမာသူများအနေဖြင့် ဆူပူဆန္ဒပြမှုများ၊ အကြမ်းဖက်မှုများ၊ ဖျက်ဆီးမှုများ၊ မီးရှို့ ဖျက်ဆီးမှုများ၊ လူသတ်မှုများကို တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်လျက်ရှိပြီး အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားကို ပျက်စီးအောင် ဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါ ဆူပူဆန္ဒပြမှုများတွင် အချို့ဝန်ထမ်းများ ပါဝင် ဆောင်ရွက်ခဲ့ကြောင်း၊ ဝန်ထမ်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှု မရှိဘဲ CDM လှုပ်ရှားမှုများတွင် ဝန်ထမ်းအချို့ ပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆)ချက်ကို လိုက်နာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံတော်၏ သစ္စာကို စောင့်သိ ရိုသေပြီး နိုင်ငံ့ဝန်ထမ်းများပီသစွာဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းအောင် နေထိုင်၍ အမိန့်နှင့်တာဝန်များကို ဦးလည်မသုန်၊ သက်စွန့် ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ CDM နှင့် ပတ်သက်၍ ဦးဆောင်ခဲ့သူများအနေဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း နိုင်ငံ့ဝန်ထမ်း နည်းဥပဒေနှင့်အညီ အရေးယူရမည်ဖြစ်ကြောင်း၊ ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ဆက်သွယ် မရ၍ ခွင့်မဲ့ပျက်ကွက်နေသော ဝန်ထမ်းများကို ဌာနတာဝန်ရှိသူများအနေဖြင့် ဌာနအတွက်၊ နိုင်ငံတော်အတွက် တန်ဖိုးကြီးမားသည့် Asset များ အဖြစ် သတ်မှတ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် လျော့ပါး ဆုံးရှုံးမှု မရှိစေရေး အတွက် စည်းရုံး ဆွဲဆောင်၍ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်စေရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့သည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် မိမိဌာန၏ လုပ်ငန်းများကို ရပ်တန့်မှု မဖြစ်စေရေး ဆောင်ရွက်ကြရန်နှင့် ဝန်ကြီးဌာနအနေဖြင့် အခြားဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များ၊ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် လက်အောက်ရှိ ဆူးလေဆိပ်ကမ်း၊ ၎င်း မှ မြန်မာ့ စက်မှုဆိပ်ကမ်းနှင့် အေးရှားဝေါလ် ဆိပ်ကမ်း သို့ ရောက်ရှိပြီး ဆိပ်ကမ်းအလိုက် တာဝန်ရှိသူမှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန