ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနများကို ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ကြည့်ရှုစစ်ဆေး(၃-၄-၂၀၂၁ နှင့် ၄-၄-၂၀၂၁)

၂၀၂၁ ခုနှစ်၊ ဧပြီလ( ၄ ) ရက်

          ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါ၍ ဧပြီလ (၃) ရက်နေ့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြန်မာ့စာတိုက်လုပ်ငန်း၊ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်၊ မြန်မာ့သင်္ဘောကျင်းလုပ်ငန်းများကို လည်းကောင်း ၊ ဧပြီလ (၄) ရက်နေ့တွင် မြန်မာ့ မီးရထား၊ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်းဆက်သွယ်ရေး ရေဒီယိုစခန်း၊ သန်လျင် ဂြိုဟ်တု ဆက်သွယ်ရေး မြေပြင်စခန်းနှင့် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် တို့ကို သွားရောက် ကြည့်ရှု စစ်ဆေး ခဲ့ပါသည်။

          ဌာနများသို့ ရောက်ရှိချိန်တွင် ပြည်ထောင်စုဝန်ကြီးသည် ဌာနအကြီးအကဲများ အရာထမ်း/ အမှုထမ်းများဖြင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံချိန်များတွင် ဌာနအကြီးအကဲများမှ ဌာနများ၏ သမိုင်း အကျဉ်း၊ မူဝါဒ၊ မျှော်မှန်းချက်နှင့် ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ ဝန်ထမ်းခန့်ထားမှု အခြေ အနေများ၊ ဘတ်ဂျက် ရရှိမှု၊ ဝင်ငွေအသုံးစရိတ်များ၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းများ၊ ဝင်ငွေရရှိရေး ကြိုးပမ်းဆောင်ရွက်မှု၊ ဝန်ထမ်းသက်သာချောင်ချိရေးဆိုင်ရာ ဆောင်ရွက်ထားမှု အခြေအနေများကို တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ပြီး ဌာနများမှ ဝန်ထမ်းများကို စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးသည် ဌာနများမှ အရာထမ်း / အမှုထမ်းများအား တွေ့ဆုံချိန်တွင် ပြောကြားရာ၌ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၏ မဲစာရင်း ရှုပ်ထွေးမှု၊ ကွဲလွဲမှု များကြောင့် ရွေးကောက်ပွဲရလဒ်ကို ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက် ပေးခဲ့ခြင်း မရှိသည့်အတွက် စစ်မှန်ပြီး စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ စနစ်ကို ထိန်းသိမ်း စောင့်ရှောက်နိုင်ရေးအတွက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈  ခုနှစ်) နှင့်အညီ အရေးပေါ် အခြေအနေ ကြေညာပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို  ဖွဲ့စည်းပြီး  ရှေ့လုပ်ငန်းစဉ်  (၅) ရပ်ကို ထုတ်ပြန်၍ နိုင်ငံတော် တာဝန်ကို ဝင်ရောက် ထိန်းသိမ်း ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း နေ့စဉ်နှင့်အမျှ မဲကွဲလွဲမှု များကို အသစ်ဖွဲ့စည်း ပေးထားသော ရွေးကောက်ပွဲကော်မရှင်က စစ်ဆေး၍ တွေ့ရှိချက်များကို အများပြည်သူများ သိရှိနိုင်ရေးအတွက် မြန်မာ့ရုပ်မြင်သံကြားသတင်း၊ နေ့စဉ်ထုတ် သတင်းစာများ၊ သတင်းဌာနများမှတစ်ဆင့် အသိပေးလျက်ရှိကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဖွဲ့စည်းပြီး နိုင်ငံတော်တာဝန် ထိန်းသိမ်းမှုအပေါ် မကျေနပ်၍ အေးချမ်းစွာ ဆန္ဒပြနေရာမှ မသမာသူများ၏ သွေးထိုး လှုံ့ဆော်မှုများကြောင့် ဆူပူဆန္ဒပြမှုများမှတစ်ဆင့် အကြမ်းဖက်တိုက်ခိုက်ခြင်း၊ မြို့၊ ရွာ၊ ရုံး၊ အဆောက်အဦ၊ စက်ရုံ၊ အလုပ်ရုံများကို မီးရှို့ ဖျက်ဆီးခြင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ အရပ်သား အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်ခြင်း၊ လူအရှင်လတ်လတ်ကို မီးရှို့သတ်ဖြတ်ခြင်း၊ ဆန္ဒပြမှုများတွင် ပါဝင်ခြင်း မရှိသူများကို ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများကို တစ်ဆင့်ပြီး တစ်ဆင့် တိုးမြှင့် ဆောင်ရွက်လာပြီး ဝန်ထမ်းများပါ ဆန္ဒပြမှုများတွင် ပါဝင်လာအောင် သွေးထိုး လှုံ့ဆော် ဆောင်ရွက် ခဲ့သဖြင့် ဝန်ထမ်းများအနေဖြင့် CDM လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း၊ ရထားလမ်း များတွင် ရထားပြေးဆွဲရာ၌ အန္တရာယ်ဖြစ်ပေါ်စေအောင် ရထားလမ်းပေါ် အတားအဆီးများ ချထားခြင်း၊ သံလမ်းများပေါ်တွင် ကွန်ကရစ်လောင်းခြင်း၊ သံလမ်းဆက်များ ဖြုတ်ထားခြင်းများ ဆောင်ရွက် ခဲ့ကြကြောင်း၊  ပြည်သူများ သေကြေ ထိခိုက် စေရေးအတွက် အဖျက်လုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း၊ အချို့နိုင်ငံများတွင် ဆန္ဒပြ ဆူပူမှုများ ရှိသော်လည်း နိုင်ငံပိုင်ပစ္စည်းများ ဖျက်ဆီးခြင်း၊ အုပ်ချုပ်မှု ယန္တရားများ ရပ်တန့်အောင် ပြုလုပ်ခြင်းများ မရှိကြောင်း ၊ အဆိုပါ ဆူပူ ဆန္ဒပြမှုများ အဖျက်လုပ်ငန်းများတွင် အချို့ ဝန်ထမ်းများ ပါဝင် ဆောင်ရွက် ခဲ့သည်ကို တွေ့ရကြောင်း၊ ဝန်ထမ်းများသည်  နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆) ချက်ကို လိုက်နာ ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံတော်၏ သစ္စာကို စောင့်သိ ရိုသေပြီး နိုင်ငံ့ဝန်ထမ်းများ ပီသစွာဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းအောင် နေထိုင်၍ အမိန့်နှင့် တာဝန်များကို ဦးလည်မသုန် သက်စွန့်ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဆက်သွယ်မရ၍ ခွင့်မဲ့ ပျက်ကွက်နေသော ဝန်ထမ်းများကို ဌာနမှ တာဝန် ရှိသူများအနေဖြင့် ဌာနအတွက် တန်ဖိုးကြီးသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် သတ်မှတ်ပြီး လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်စေရေး စည်းရုံး ဆွဲဆောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့သည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် မိမိဌာန၏ လုပ်ငန်းများ ရပ်တန့်မှု မဖြစ်စေရေး၊ လုပ်ငန်းများ တိုးတက် အောင်မြင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာန အနေဖြင့် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးသည် ဌာနများကို ကြည့်ရှု စစ်ဆေးချိန်တွင် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခြင်း၊ မြန်မာ့သင်္ဘောကျင်းလုပ်ငန်း ရုံးဝင်းအတွင်း တန်( ၁၂၀၀၀ ) လွန်းကျင်း၊ ဖက်စပ်လုပ်ငန်းဖြင့် သင်္ဘော တည်ဆောက် နေမှုများကို ကြည့်ရှု စစ်ဆေးခြင်း၊ မြန်မာ့မီးရထား ရောက်ရှိချိန်တွင် ရန်ကုန်မှ နေပြည်တော်သို့ ယနေ့ နံနက် (၀၈:၀၀) နာရီတွင် ရန်ကုန်ဘူတာကြီးမှ ထွက်ခွာသော အမှတ်(၇) အဆန် လူစီးအမြန်ရထား စတင် ပြန်လည် ပြေးဆွဲမှုကို သွား​​​ရောက် ကြည့်ရှု အားပေးခြင်း၊ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း ရေဒီယိုစခန်းနှင့် သန်လျင်ဂြိုဟ်တု ဆက်သွယ်ရေး မြေပြင်စခန်းများ၏ လုပ်ငန်း ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးခြင်း၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ဝင်းအတွင်း စာသင်ခန်းများ၊ အဆောက်အဦများ လက်တွေ့ သင်ထောက်ကူ ပစ္စည်းများအား ကြည့်ရှုစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ရာတွင် တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းပြသခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်၊၊

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန