ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Microsoft Office Word 2019 နှင့် MySQL Database သင်တန်းများ၏ သင်တန်းဆင်းပွဲအခမ်းအနား

     ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Microsoft Office Word 2019 နှင့် MySQL Database သင်တန်းများ၏ သင်တန်းဆင်းပွဲအခမ်းအနားကို မေလ (၁၃) ရက်နေ့ နေလည်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ သင်တန်းကျောင်းကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများနှင့် ပြည်ထောင်စုဝန်ကြီးဌာန/ ဗဟိုအစိုးရအဖွဲ့အစည်းအသီးသီးမှ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ 
      ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်းမှ သင်တန်းဆင်း အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းအသီးသီးမှ သင်တန်းသား/သင်တန်းသူများ အနေဖြင့် သင်တန်းမှ ရရှိခဲ့သော အတွေ့အကြုံ၊ ဗဟုသုတများကို လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချရန်နှင့် စဉ်ဆက်မပြတ် လေ့လာဆည်းပူးသွားကြရန်၊ အိုင်စီတီနည်းပညာဆိုင်ရာ အသိပညာ၊ အတတ်ပညာ များနှင့် တစ်ဆက်တည်းမလွဲမသွေရင်ဆိုင်ရမယ့် Cyber Security အပိုင်းကိုလည်း အလေးထား ဆောင်ရွက်ကြရန်၊ မိမိတို့ ကွန်ပျူတာ Security ကောင်းမွန်စေရန်၊ Secure Password များထားရှိရန်၊ Updated Anti-virus software များအသုံးပြုရန်၊ ဖိုင်များ Backup ထားခြင်း၊ Security Permission များဖြင့် လုံခြုံမှုရှိအောင် ဆောင်ရွက်ခြင်းများ ပြုလုပ်ထားသင့်ကြောင်း၊  ၀န်ထမ်းများ၏ လုပ်ငန်းဆိုင်ရာ အသိပညာ ၊ အတတ်ပညာနဲ့ ကျွမ်းကျင်မှုတွေ တိုးပွားသည်ထက် တိုးပွားအောင် သင်ယူလေ့လာပြီး နိုင်ငံတော် ၊ ပြည်သူနှင့် ဌာနက အားထားရတဲ့ ၀န်ထမ်းကောင်းတွေဖြစ်အောင် ကြိုးစားရင်း ကျရာတာ၀န်ကို  ကျေပွန်အောင် ထမ်းဆောင်သွားကြရန် မှာကြားခဲ့ပါသည်။
     ယင်းနောက် သင်တန်းသား ၊သင်တန်းသူများအား ထူးချွန်ဆုများနှင့် သင်တန်းဆင်း အောင်လက်မှတ်များကို ညွှန်ကြားရေးမှူးချုပ်၊ သင်တန်းကျောင်း ကျောင်းအုပ်နှင့် တကွ ဌာနအကြီးအကဲများမှ ချီးမြှင့်ပေးအပ်ကာ သင်တန်းဆင်းပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။