ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး H.E Mr. Scot Marciel ကိုလက်ခံတွေ့ဆုံ

မြန်မာနိုင်ငံဆိုင်ရာအမေရိကန်နိုင်ငံသံအမတ်ကြီး H.E Mr. Scot Marciel ဦးဆောင်သောအဖွဲ့သည် စက်တင်ဘာလ(၅)ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၅) ၌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်အား လာရောက် တွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင်အနာဂတ်ကုန်စည်သယ်ယူပို့ဆောင်ရေး လိုအပ်ချက်ကိုဖြည့်ဆည်း နိုင်ရန်အတွက် ဆိပ်ကမ်းလုပ်ငန်းများ ဖွံ့ဖြိုးစေရန် ကူညီဆောင်ရွက်လျက်ရှိသည့် လေ့လာ ဆန်းစစ်မှုလုပ်ငန်းများ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ ရထားပို့ဆောင်ရေးကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်များအပေါ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် ဆိုက်ဘာဥပဒေမူကြမ်းရေးဆွဲခြင်းကိစ္စရပ်များ မြန်မာ နိုင်ငံဆက်သွယ်ရေးကော်မရှင် ဖွဲ့စည်းရေးဆိုင်ရာကိစ္စရပ်များနှင့် 5G လှိုင်းနှုန်းစဉ် သတ်မှတ် ချထားခြင်းလုပ်ငန်းတို့အပေါ် ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးသာဉီး ၊ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသတင်း ရရှိပါသည်။