ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာ့စာတိုက်လုပ်ငန်း၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်အမှာစကားပြောကြားခြင်း

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ၂၀၁၇ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့ နံနက် (၀၉:၀၀)နာရီတွင် နေပြည်တော်ရှိ မြန်မာ့စာတိုက်လုပ်ငန်း (ရုံးချုပ်) အစည်းအဝေးခန်းမတွင် ကျင်းပရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် တက်ရောက်အမှာစကား ပြောကြားပါသည်။

ပြည်ထောင်စုဝန်ကြီးက တက်ရောက်လာကြသော တိုင်းဒေသကြီး/ပြည်နယ်များမှ အရာထမ်းအမှုထမ်းများအား ဆုတောင်းမေတ္တာပို့သပါကြောင်း၊ မိမိတို့နိုင်ငံသည် ပြောင်းလဲမှုကို ဦးတည်၍ ဆောင်ရွက်လျက်ရှိသဖြင့် စိတ်ရှည်သည်းခံ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီကူးပြောင်းသည့်နိုင်ငံတိုင်းသည် အချိန်ယူရကြောင်း၊ ချက်ချင်းပြောင်းလဲ၍ မရနိုင်ကြောင်း၊ အရှုံးဖြစ်ပေါ်နေသော ဌာနအဖွဲ့အစည်းများသည် အပြစ်တင်ခံနေရကြောင်း၊ SOE များ ပြုပြင်ပြောင်းလဲပါက Coporatization, Joint Venture, Privatization အဆင့်ဆင့် ပြုလုပ်ရမည်ဖြစ်ကြောင်း၊ အကောင်းဆုံး ချင့်ချိန် စဉ်းစား၍သာ ဆောင်ရွက်သင့်ကြောင်း၊ မှန်ကန်သော ရည်ရွယ်ချက်ဖြင့် ပြုပြင်ပြောင်းလဲမှုဖြင့် ဆောင်ရွက်ပါက ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်း၊  စာတိုက်များတွင် သမားရိုးကျကို ကျော်လွန်သော ဝန်ဆောင်မှုများဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ Financial Services များ၊ Online Shopping များအား ဆောင်ရွက်နေကြသည်ကို တွေ့ရှိရပါကြောင်း၊ စာတိုက်လုပ်ငန်းသည် Community Center များဖြစ်ရန် ဆောင်ရွက်နိုင်ကြောင်း၊ သုံးစွဲသူပြည်သူမှလည်း စာတိုက်လုပ်ငန်းအား ယုံကြည်စွာသုံးစွဲလာရန်အတွက် ဆောင်ရွက်နိုင်မှသာ တိုးတက်လာမည်ဖြစ်ကြောင်း၊ Postal Saving လုပ်ငန်းအားလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လူတစ်ဦးနှင့် တစ်ဦး တန်ဖိုးထား၍ စာပေးပို့ခြင်းမှာ အားနည်းနေကြောင်း၊ စာပို့လုလင်များအား ယုံကြည်ချစ်ခင်လာရန်၊ စာတိုက်ကို အားထားလာစေရန် လည်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ MindSet အားပြုပြင်ရန်အတွက်အမှန်တရားကို သိရှိရန်လိုအပ်ကြောင်း၊ စာတိုက်တွင်ရှိသော စာပို့လုလင်မှ စ၍ စာတိုက်ဝန်ထမ်း၊ စာတိုက်မှူး၊ တိုင်းဒေသကြီး/ပြည်နယ် မန်နေဂျာများအထိ အဆင့်ဆင့် ဘက်စုံ ပြည့်စုံနေပါက ဌာန၏ ရည်မှန်းချက်များအောင်မြင်၍ ဌာနတိုးတက်လာမည်ဖြစ်ကြောင်း၊ စိတ်ဓာတ်ခွန်အားသတ္တိ လိုအပ်ကြောင်း၊ ရှည်လျားသည့် ခရီးလမ်းဖြစ်သည့် အတွက် ကိုယ်ကာယ ကြံ့ခိုင်မှုသာမက စိတ်ဓာတ်ပါ ခိုင်မာစေရန်နှင့် အကျိုးရှိသည့် ဗဟုသုတစာပေများ ဖတ်ရှုလေ့လာရန် လိုအပ်ကြောင်း လမ်းညွှန် မှာကြားခဲ့ပါသည်။

ထို့နောက် မြန်မာ့စာတိုက်လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာ (အုပ်ချုပ်ရေးဌာန) နှင့် အထွေထွေမန်နေဂျာ (ဝန်ဆောင်မှုဌာန) တို့က လုပ်ငန်းဆိုင်ရာ များကို ရှင်းလင်းတင်ပြကြပါသည်။ မြန်မာ့စာတိုက်လုပ်ငန်း (ရုံးချုပ်)ရှိ ဌာနအသီးသီးမှ တာဝန်ရှိသူများကလည်း ဆောင်ရွက်လျက် ရှိသော လုပ်ငန်းများတွင် တွေ့ရှိရသော လိုအပ်ချက်များ၊ တွေ့ရှိချက်များ၊ ဆက်လက်ဆောင်ရွက်ရမည့်အချက်များအား ညှိနှိုင်းဆွေးနွေး တင်ပြ၍ လည်းကောင်း၊ မြန်မာ့စာတိုက်လုပ်ငန်း၏ ဝင်ငွေ တိုးတက် ရရှိရန်အတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ပုဂ္ဂလိက ကုမ္ပဏီများမှလည်း မိမိတို့၏ လုပ်ဆောင်နေသော လုပ်ငန်းများ၏ ဆောင်ရွက်ချက်များအားလည်းကောင်း ရှင်းလင်း တင်ပြခဲ့ပါသည်။

မြန်မာ့စာတိုက်လုပ်ငန်း၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား (၁၈-၉-၂၀၁၇ မှ ၂၀-၉-၂၀၁၇) ရက်နေ့ထိ (၃)ရက်တိုင် ကျင်းပခဲ့ပြီး မြန်မာ့စာတိုက်လုပ်ငန်း (ရုံးချုပ်)/ အခြေစိုက်စခန်းများ/တိုင်းဒေသကြီးပြည်နယ်များမှ အရာထမ်း/အမှုထမ်းပေါင်း (၈၉)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။