ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မြန်မာ့မီးရထား အင်းတော်ဘူတာယာဒ်ဝန်းအတွင်း (၉)ချောင်းဆက်သံလမ်းများ ပြုလုပ်နေမှုအား ကြည့်ရှု့စစ်ဆေးခြင်းနှင့်အင်းတော်-မန္တလေးလမ်းပိုင်းအတွင်းရှိ ရထားလမ်း၊တံတားများကြည့်ရှု့စစ်ဆေး

နေပြည်တော်၊ ဇွန်- ၁၉

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ဇွန်လ ၁၇ ရက်နေ့၊ နံနက်ပိုင်းတွင် အင်းတော်ဘူတာယာဒ်ဝန်းရှိ (၉)ချောင်းဆက် သံလမ်းများ ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိလာရာ တာဝန်ရှိသူများမှ (၉)ချောင်းဆက်များ ပြုလုပ်ခြင်း လုပ်ငန်းအဆင့်ဆင့်အား ရှင်းလင်းတင်ပြကြပြီး လုပ်ငန်းခွင်အတွင်း ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

အင်းတော် ဘူတာယာဒ်ဝန်းတွင် ဆောင်ရွက်လျှက်ရှိသော (၉)ချောင်းဆက်သံလမ်းများကို မဲဇာဘူတာနှင့် မော်လူးဘူတာအကြား ရထားလမ်းပိုင်း(၂၅)မိုင်အား လဲလှယ်အသုံးပြုသွားမည်ဖြစ်သည်။ သံလမ်းများ တပ်ဆင်ပြီးပါက ရထားပြေးဆွဲမှုမှာ ပိုမိုငြိမ့်ညောင်းစွာ သွားလာနိုင်မည့်အပြင် အဆက်များတွင် ခုန်ခြင်းများ သက်သာသွားမည်ဖြစ်သည်။ သံလမ်းဆက်များအား မကြာခဏ ပြုပြင်နေရမှုများလည်း လျော့နည်း သက်သာသွားမည် ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် RBE ရထားဖြင့် အင်းတော်ဘူတာမှ ထွက်ခွာလာပြီး ဘုံချောင်းဘူတာနှင့် မဲဇာဘူတာကြားရှိ မိုင်တိုင်အမှတ် (၅၆၂) အနီးတွင် မြေပြိုနေသော နေရာအား ကြည့်ရှုပြီး ၎င်းနေရာ၌  ကွန်ကရစ်တုံးများဖြင့် အစားထိုး တာဘောင် ပြုပြင်နေခြင်း လုပ်ငန်းများအားလည်းကောင်း၊ ကောလင်းမြို့နယ် ဒေါင်းမြူးချောင်းနံဘေး ကမ်းပါးပြိုကာကွယ်ရေးနှင့် ရေလွှဲရေကာ လုပ်ငန်း ဆောင်ရွက်ထားရှိမှုများအား လည်းကောင်း ကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်  ကောလင်းမြို့ရှိ  မြန်မာ့မီးရထား ဓမ္မာရုံတွင် ဝန်ထမ်းများအား တွေ့ဆုံ အမှာစကား ပြောကြားရာတွင် မိမိဌာနကြီး တိုးတက် အောင်မြင်စေရန်အတွက် ကြိုးစား ဆောင်ရွက်သွားကြရန်၊ ပြည်သူများနှင့်ဆက်ဆံရာတွင် ဆက်ဆံရေး ကောင်းမွန်စေရန်၊ ပြည်သူ့ အကျိုးကို ဆောင်ရွက်သော၊ ချမ်းသာမှုကို စွန့်လွှတ်နိုင်သော၊ ပြည်သူလူထု အားကိုးထိုက်သော၊ တာဝန်ကျေပြွန်သော ဝန်ထမ်းများ ဖြစ်လာစေရန် ကြိုးစား ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ ဇော်ချောင်းဘူတာနှင့် ကံကြီးဘူတာကြား မိုင်တိုင်အမှတ် (၅၂၁) နှင့် (၅၂၂) ကြား၌ ယခင်နှစ်က မိုးရွာသွန်းမှုကြောင့် ရထားလမ်းတံတား ပျက်စီးခဲ့သော တံတားအမှတ် (၂၈၁) ၏ နံဘေးတွင် အသစ်ထပ်မံတည်ဆောက်လျှက်ရှိသော ဇော်ချောင်းတံတားသစ် တည်ဆောက်ပြီးစီးမှုအား ကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။  အဆိုပါ တံတားမှာ အရှည်(၂၅၆)ပေ ဖြစ်ပြီး ကမ်းကပ်ခုံနှင့် ရေလည်တိုင်မှာ သံကူကွန်ကရစ်နှင့် ကြိုတင်အားဖြည့် သံကူကွန်ကရစ်ဘောင် အမျိုးအစားဖြစ်ပြီး မကြာမီ  အဆိုပါ တံတားကို အသုံးပြု ပြေးဆွဲနိုင်မည် ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဇွန်လ ၁၈ ရက်နေ့ နံနက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ မြန်မာ့မီးရထားအစည်းအဝေးခန်းမ၌ ပြင်ဦးလွင်ဘူတာ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း ဆောင်ရွက်မည့် အစီအမံများအား  တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်း မှာကြားခဲ့ပါသည်။

ဆက်လက်၍ ရတနာပုံတယ်လီပို့သို့ ရောက်ရှိလာရာ တာဝန်ရှိသူများက ရတနာပုံမြို့သစ် တည်ဆောက်ရေး စီမံကိန်း ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်း တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံပိုင်ပစ္စည်းများ လေလွင့် ဆုံးရှုံးမှု မရှိစေရေးနှင့် လက်ရှိအခြေအနေထက် အသုံးဝင် တန်ဖိုးရှိစေရေး မည်သို့ ဆောင်ရွက်သင့်သည်ကို  တွေးတော ကြိုးပမ်း ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

 

 

မြန်မာ့မီးရထား