ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာအမျိုးသားလေကြောင်းဌာနများကို ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်းကြည့်ရှုစစ်ဆေး

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်

          ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း သည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါ၍ ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် ရန်ကုန်မြို့၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊ ဆူးလေဆိပ်ကမ်း၊ အလုံမြို့နယ်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကိုယ်စားလှယ်လုပ်ငန်းဌာနနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ ပါသည်။

          ပြည်ထောင်စုဝန်ကြီးသည် နံနက်ပိုင်းတွင် လမ်းမတော်မြို့နယ်ရှိ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (ရုံးချုပ်)သို့ ရောက်ရှိလာရာ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ရုံးချုပ်၊ အစည်းအဝေး ခန်းမ၌ ဆိပ်ကမ်းဝန်ဆောင်မှုဆောင်ရွက်နေကြသော ဆိပ်ကမ်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ကိစ္စရပ်များကို တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံမှုတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဦးဆောင်ညွှန်ကြားရေးမှူးက ဌာန၏ လုပ်ငန်းတာဝန်များ၊ လုပ်ငန်း စွမ်းဆောင်နိုင်မှု အခြေအနေများ၊ ရန်ကုန်မြစ် ရေလမ်းကြောင်းအသစ်ကို အသုံးပြု၍ တန်ချိန် ပိုမို များပြားသည့် ကုန်တင်သင်္ဘောကြီးများကို လက်ခံ၊ ဝန်ဆောင်မှုပေးနိုင်သည့် အခြေအနေများ၊ ရန်ကုန်ဆိပ်ကမ်းနှင့် ဆိပ်ကမ်းတံတားအလိုက် ကုန်ကိုင်တွယ်နိုင်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့မှုအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏ ရေကြောင်းမှ ကုန်သွယ်မှု ပမာဏကို နိုင်နင်းစွာ ကိုင်တွယ် ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ဆိပ်ကမ်းတံတားများကို ခေတ်မီ ဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက် အဆင့်မြှင့်တင်ခြင်း၊ ကုန်ကိုင်တွယ် စက်ကိရိယာများ ဖြည့်တင်းခြင်း၊ တိုးတက် ပြောင်းလဲလာနေသည့် နည်းပညာများကို ဆိပ်ကမ်းလုပ်ငန်းများတွင် ထိရောက် အကျိုးရှိစွာ အသုံးချခြင်း၊ ကျွမ်းကျင် လူ့စွမ်းအား အရင်းအမြစ်များကို စုဆောင်း လေ့ကျင့် ပျိုးထောင်ပေးခြင်းတို့ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရေလမ်းကြောင်းအသစ် ရှာဖွေဖော်ထုတ်နိုင်ခဲ့သဖြင့် နိုင်ငံတော်နှင့် ဌာနအတွက်သာမက သင်္ဘောလိုင်းများနှင့် ဆိပ်ကမ်းတံတား ဝန်ဆောင်မှုလုပ်ငန်းများ အတွက်ပါ အကျိုးရလဒ်များ ပေါ်ထွန်းလာပြီ ဖြစ်သောကြောင့် ဌာန၏ ကြိုးပမ်း အားထုတ် စွမ်းဆောင်ခဲ့မှုကို အသိအမှတ်ပြုပါကြောင်း၊ ရေလမ်းကြောင်းသစ် ပြန်လည် တိမ်ကောသွားနိုင်မှု အခြေအနေကိုလည်း မျက်ခြေမပြတ် စောင့်ကြည့် ထိန်းသိမ်းသွားရန် လိုအပ်ပါကြောင်း လမ်းညွှန် မှာကြားပါသည်။

          ဆက်လက်ပြီး ဆိပ်ကမ်းဝန်ဆောင်မှု ဆောင်ရွက်နေကြသော ဆိပ်ကမ်းများမှ တာဝန်ရှိသူများက လုပ်ငန်းဆိုင်ရာ အခက်အခဲများ တင်ပြခဲ့မှုအပေါ် ဌာနနှင့် လုပ်ငန်းရှင်များ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်နိုင်ရေး ညွှန်ကြား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဆူးလေဆိပ်ကမ်းသို့ ရောက်ရှိပြီး ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော ပင်လယ်ကူးသင်္ဘောကြီး (၃)စီး ပေါ် သို့ ဘယ်လ်ဂျီယန်နိုင်ငံနှင့် အာဖရိကနိုင်ငံများသို့ တင်ပို့သွားမည့် ဆန်တန်ချိန် (၈)သောင်းကျော် တင်ဆောင်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အလုံမြို့နယ်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကိုယ်စားလှယ်လုပ်ငန်းဌာနရုံးသို့ ရောက်ရှိလာရာ ဌာနမှူး‌က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ ကို တင်ပြခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကြာမီ ဆိုက်ကပ်လာမည့် သင်္ဘော ဆိုင်ရာ အချက်အလက်များကို အီလက်ထရောနစ် နည်းစနစ် အသုံးပြု၍ လျင်မြန်စွာ ဆောင်ရွက်နေမှု၊ အကောက်ခွန်ဦးစီးဌာနသို့ ချိတ်ဆက်ဆောင်ရွက်မှုအခြေအနေများ၊ ကုန်ပစ္စည်းပိုင်ရှင်များသို့ ကုန်ပစ္စည်း ထုတ်ပေးမှုအမိန့် (Delivery Order) ထုတ်ပေးသည့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီးနောက် အီလက်ထရောနစ်စနစ်ကို ရေရှည် အသုံးပြုနိုင်ရန်အတွက် စနစ်တကျ ထိန်းသိမ်း ကိုင်တွယ်ရေး ဆောင်ရွက်ရန် လမ်းညွှန် မှာကြားခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Domestic Terminal သို့ ရောက်ရှိလာရာ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။ ထို့နောက် လေဆိပ်အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံ လေကြောင်းလိုင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံမှုတွင် ခေတ္တညွှန်ကြားရေးမှူးချုပ်က နိုင်ငံသားပိုင် ပြည်တွင်းလေကြောင်းလိုင်းများ၏ စတင်တည်ထောင်ခဲ့မှုနှင့် လေယာဉ်ပိုင်ဆိုင်မှု အခြေအနေများ၊ လေကြောင်းဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်း ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကယ်ဆယ်ရေးနှင့် ကုန်စည် (Relief and Cargo) ခရီးစဉ် ပျံသန်းမှုများ ၊ ပြည်တွင်း ခရီးစဉ်ပြေးဆွဲပျံသန်းမှု အခြေအနေများအား ရှင်းလင်း တင်ပြပါသည်။ ဆက်လက်၍ လေကြောင်းလိုင်းများအလိုက် တာဝန်ရှိသူများက လေယာဉ်ပြေးဆွဲ ပျံသန်းမှုနှင့် အခက်အခဲများ ကြုံတွေ့နေရမှု၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လေယာဉ် အမှုထမ်းများ၊ ခရီးသည်များ၏ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းသိမ်းရေးအတွက် လိုက်နာ ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြပါသည်။ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ယခုအခါ လေကြောင်းလိုင်းများ တိုးချဲ့ ပေါ်ပေါက်လာနေပြီဖြစ်၍ ယခင်လေကြောင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေ များကိုလည်း ခေတ်စနစ်နှင့် လျော်ညီစွာ ပြန်လည်သုံးသပ် ဖြည့်စွက် ထုတ်ပြန်နိုင်ရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားသည့်ကာလတွင် လေကြောင်းလိုင်းများ အားလုံးသည် ကမ္ဘာ့လေကြောင်းလိုင်းများ အားလုံးနည်းတူ အခက်အခဲများစွာကို ရင်ဆိုင်နေရသည်ဖြစ်ရာ ထိုအခက်အခဲများကို ကြံ့ကြံ့ခံလျက် ကျော်လွှားနိုင်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြသည့် လေကြောင်းလိုင်းများအားလုံးကို အသိအမှတ်ပြု ပါကြောင်း ဆွေးနွေး ပြောကြားပါသည်။

           လေဆိပ်များအားလုံးတွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ခရီးသွား ပြည်သူများအတွက် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ ကိစ္စရပ်များ ဖြည့်ဆည်း ဆောင်ရွက်ရာတွင် သတ်မှတ်ထားသော လုပ်ထုံး လုပ်နည်း၊ စံချိန် စံညွှန်းများနှင့်အညီ ဆောင်ရွက်ပေးကြရမည်ဖြစ်ပြီး လေယာဉ်ကွင်းအလိုက် သတ်မှတ်ထားသော အဆင့်အတန်းနှင့် လျော်ညီစွာ သတ်မှတ်ထားသည့် "စံ" များအတိုင်း ဦးစားပေး အစီအစဉ်အလိုက် ဖြည့်ဆည်း ဆောင်ရွက်သွားကြရန် လိုကြောင်း၊ လုံခြုံရေးပိုင်း ဆိုင်ရာတွင်လည်း အလွန်အရေးကြီးပါသဖြင့် လုံခြုံရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို တာဝန်ရှိသူ အဆင့်ဆင့်မှ အလေးထား ကြပ်မတ် စစ်ဆေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လေဆိပ်များတွင် CCTV စနစ်များ ထားရှိရာ ကောင်းမွန်နေရန်လည်း လိုအပ်ပါကြောင်း၊ လေဆိပ် ဝင်/ထွက်ခွင့် ကိစ္စများတွင်လည်း လစ်ဟာမှု မရှိအောင် သတ်မှတ်ထားသော စနစ်များ၊ လုပ်ထုံး လုပ်နည်းများကို အမြဲသုံးသပ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လေကြောင်းလိုင်းများအနေဖြင့် ကိုဗစ်-၁၉ ကာလ အခက်အခဲ များကို ကြံ့ကြံ့ခံ ရင်ဆိုင် ကျော်လွှားနိုင်ရန် လိုအပ်ပါကြောင်း၊ လေကြောင်းလိုင်းများ၏ ဖွဲ့စည်းမှုနှင့် စီးပွားရေးဆိုင်ရာ Business Plan များကို ပြန်လည် သုံးသပ် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း လမ်းညွှန် မှာကြားခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လေဆိပ်အတွင်း မြန်မာအမျိုးသားလေကြောင်း၏ လေယာဉ်ပြုပြင် ထိန်းသိမ်းရေးအလုပ်ရုံသို့ သွားရောက်ကာ လေယာဉ်များ ပုံမှန် မွမ်းမံ၊ ပြင်ဆင်မှု ဆောင်ရွက်ပေးနေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် သတ်မှတ် စံချိန်စံညွှန်း အပြည့်အဝဖြင့် စစ်ဆေးရေး၊ မွမ်းမံ၊ ပြင်ဆင်ရေးတို့အတွက် ဆောင်ရွက်သွားရမည့် အစီအမံများ၊ လေယာဉ်များ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ပြေးဆွဲ ပျံသန်းနိုင်ရေးတို့ကို စနစ်တကျ စီစဉ် ဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန