ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများ၊ ဒုတိယအထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးသို့ တက်ရောက်ခြင်း

နေပြည်တော်၊ ၂၀၂၁ ခုနှစ် မတ်လ () ရက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများ၊ ဒုတိယအထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေးကို မတ်လ (၂၄) ရက်နေ့၊ နံနက် (၀၈၃၀) နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် () အစည်းအဝေးခန်းမ၌ Covid-19 ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာ့မီးရထား ဦးဆောင် ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများ၊ ဒုတိယအထွေထွေမန်နေဂျာများ၊ မြန်မာ့မီးရထား တိုင်း (၁၁) တိုင်းမှ တိုင်းတာဝန်ခံများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့မီးရထား တိုင်း (၁၁) တိုင်းမှ တိုင်းတာဝန်ခံများနှင့် တွေ့ဆုံမိတ်ဆက်ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မဲစာရင်းရှုပ်ထွေးမှု၊ ကွာဟမှု များကြောင့် နိုင်ငံတော်၏ ဒီမိုကရေစီခရီးစဉ်လမ်းတွင် ဖြစ်ပေါ်လာမည့် အခက်အခဲများကို ဥပဒေ နှင့်အညီ ဖြေရှင်းရန်နှင့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသောဒီမိုကရေစီစနစ်ကို ထိန်းသိမ်း စောင့်ရှောက် နိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်နှင့်အညီ အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ် () ရပ်ကိုထုတ်ပြန် ဆောင်ရွက်ခဲ့ရကြောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတွင် ဌာနကြီး (၁၉)ခုရှိပြီး မြန်မာ့မီးရထားသည် ရထားပြေး ဆွဲရေးလုပ်ငန်းကို တာဝန်ယူဆောင်ရွက်နေရသည့် ဌာနဖြစ်၍ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်း ဆက်သွယ်ရေးလုပ်ငန်း၏ ပို့ဆောင်ရေးကဏ္ဍတွင် မော်တော်ကား၊ သင်္ဘော၊ လေယာဉ်နှင့် မီးရထား စသည့် နည်းလမ်း () မျိုးဖြင့် ခရီးသည်နှင့် ကုန်စည်များကို သယ်ယူပို့ဆောင်ပေးရကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မီးရထား ကဏ္ဍသည် အရေးကြီးကြောင်းကို ထောက်ပြလိုကြောင်း၊ ပို့ဆောင်ရေး ဆိုင်ရာ မူဝါဒ၏ရည်မှန်းချက် (၅)ချက်ကိုလည်း သိရှိလိုက်နာ ဆောင်ရွက်ရန်လိုကြောင်း၊ လမ်းပန်း ဆက်သွယ်ရေးလုပ်ငန်းများ လုံခြုံချောမွေ့စွာ သွားလာနိုင်မှသာ ပြည်သူများ၏ နေ့စဉ်နှင့်အမျှ လူမှုရေး၊ စီးပွားရေး အဆင်ပြေစွာ ဆောင်ရွက်နိုင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်မှာဖြစ်ကြောင်း၊ ရထားပြေးဆွဲရေးလုပ်ငန်းများနှင့်ပတ်သက်၍ သွားလာပို့ဆောင် ရေးဌာန၊ မြို့ပြအင်ဂျင်နီယာဌာန၊ စက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာန၊ စီးပွားရေးဌာန၊ ဆက်သွယ်ရေး ဌာနများအနေဖြင့် ဌာနအလိုက် တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ သတ်မှတ်ထား ရှိပြီးဖြစ်၍ ရထားပြေးဆွဲနိုင်ရေး ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်းပြောကြားပါသည်။

ဆက်လက်၍ ရထားပြေးဆွဲရေးနှင့်ပတ်သက်၍ပြောကြားရာတွင် မြန်မာ့မီးရထားအနေဖြင့် COVID ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ရထားပြေးဆွဲရေးလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်နေ့အထိ မန္တလေး-မြစ်ကြီးနား လူစီးရထား (၂)စင်း၊ ပုသိမ်-ကြံခင်းလမ်းပိုင်းတွင် လူစီးရထား (၂)စင်း၊ နေပြည်တော်-ချောက်လမ်းပိုင်းတွင် လူစီးရထား (၂)စင်း၊  စုစုပေါင်းလူစီးရထား (၆)စင်းနှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းတွင် ရထား (၁၂)ခေါက်သာ ပြေးဆွဲခဲ့ကြောင်း၊ မိမိတို့အစိုးရ အဖွဲ့တာဝန်ယူပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့မှစ၍ မြန်မာ့မီးရထားလမ်းပိုင်း အသီးသီးတွင် ရထားများစတင် ပြေးဆွဲစေခဲ့ရာ ဖေဖော်ဝါရီလ (၇)ရက်နေ့ထိ လူစီးရထား (၉၇)စင်း၊ မြို့ပတ်နှင့် ဆင်ခြေဖုံး (၁၄၆)စင်း၊ စုစုပေါင်း (၂၄၃)စင်းထိ တိုးတက်ပြေးဆွဲနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ (၈)ရက်နေ့ (၀၉၀၀)ချိန်ခန့်တွင် ရန်ကုန်ဘူတာကြီး Control Tower သို့အမည်မသိ လူစုရောက်ရှိလာပြီး တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများအား ဆန္ဒပြမှု အစီအစဉ်တွင် ပူးပေါင်းပါဝင်ရန်နှင့် အလုပ်မဆင်းရန် ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ခြင်းများကြောင့် ဝန်ထမ်းများ အလုပ်ဆင်းခြင်းရပ်တန့်ပြီး (၀၉၂၀)နာရီ မှစတင်၍ ဆက်သွယ်မှုများ ပြတ်တောက်ပြီး ရထားပြေးဆွဲမှုများ ရပ်တန့်ခဲ့ရကြောင်း၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှစ၍ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းရထားပြေးဆွဲခြင်း၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့ မြို့ပတ်ရထား အင်းစိန်-ရန်ကုန်-မင်္ဂလာဒုံ-အင်းစိန် ခရီးစဉ်ပြေးဆွဲခြင်း၊ ဖေဖော်ဝါရီလ (၁၇)ရက်နေ့ မန္တလေး-သာစည် ခရီးတို RBE ရထားပြေးဆွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် ဆူပူဆန္ဒပြသူများ၊ CDM ပြုလုပ်သည့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ပြင်ပပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ ပူးပေါင်း၍ ရထားပြေးဆွဲမှုများကို ဟန့်တားနှောင့်ယှက်ခဲ့ကြကြောင်း၊ သို့ရာတွင် မြန်မာ့မီးရထား၏ ကြိုးပမ်း ဆောင်ရွက်မှု၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရထားရဲတပ်ဖွဲ့များ၏ လုံခြုံရေး ဆောင်ရွက်ပေးခဲ့မှု များကြောင့် ဖေဖော်ဝါရီလ (၁၈)ရက် နေ့မှစတင်၍  RBE ရထားများကို နေပြည်တော်-တောင်ငူ၊ နေပြည်တော်-သာစည်-မန္တလေး၊ မန္တလေး-ခင်ဦးလမ်းပိုင်းများတွင် အစုန်/အဆန် ပြေးဆွဲနိုင်ခဲ့ပြီး လက်ရှိတွင် နေပြည်တော်-သာစည်-မန္တလေးလမ်းပိုင်း၌ RBE ခရီးတိုရထားများကို ပြေးဆွဲနိုင်ခဲ့ကြောင်း၊ ရန်ကုန်-မန္တလေးရထား လမ်းပိုင်းရှိ ကုန်ရထား(၂)စင်းကိုလည်း ရန်ကုန်သို့ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း၊ မြန်မာ့မီးရထားဝန်ထမ်းများ၏ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအပေါ် အသိအမှတ်ပြုပါကြောင်း၊ မိမိတို့သည် နိုင်ငံ့ဝန်ထမ်းများဖြစ်၍ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆)ချက်ကို လိုက်နာပြီး မှန်ကန်သော စိတ်ဓာတ်ဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန်လိုအပ်ပြီး ရထားလမ်းပိုင်းအသီးသီး၌ ရထားများ အမြန်ဆုံးပုံမှန် ပြန်လည်ပြေးဆွဲနိုင်ရေး ကြိုးပမ်းအားထုတ် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပါသည်။

ထို့နောက်အစည်းအဝေးအစီအစဉ်အရ တိုင်း (၁)မှ တိုင်း (၁၁)ထိ တိုင်းတာဝန်ခံများက မိမိတို့ တိုင်းအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ CDM လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက် နေသော ဝန်ထမ်းများအခြေအနေ၊ CDM လှုပ်ရှားမှုတွင် မပါဝင်ဘဲ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေနှင့် ရထားပြေးဆွဲရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် အခြေ အနေများကို တင်ပြ ဆွေးနွေးပါသည်။

ဆက်လက်၍ တိုင်းတာဝန်ခံများ၏ တင်ပြချက်များအပေါ် အထွေထွေမန်နေဂျာ (အောက်မြန်မာပြည်)၊ အထွေထွေမန်နေဂျာ (အထက်မြန်မာပြည်) တို့မှ  ဖြည့်စွက်တင်ပြခဲ့မှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဖြည့်စွက်မှာကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် မြန်မာ့မီးရထား၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများ၊  ဒုတိယအထွေထွေမန်နေဂျာများက လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနေမှုများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ ကြပါသည်။

အဆိုပါဆွေးနွေးချက်များနှင့်ပတ်သက်၍ ဒုတိယဝန်ကြီးများက ဖြည့်စွက် တင်ပြခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက တိုင်းအဆင့်အရာထမ်းများအနေဖြင့် လုပ်ငန်းများ ပုံမှန် ဆောင်ရွက်နိုင်ရေး၊ ကိုယ့်တိုင်းကိုယ့်နယ်မြေအတွင်း အောက်ခြေအဆင့်ထိ ထိတွေ့ပြီး လိုအပ်ချက်များ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဖိအားပေးနေသည့် အဖျက်အမှောင့်သမားများသည် မိမိဌာန၏ ဝန်ထမ်းရပ်ကွက်အတွင်း၌ ရှိနေခြင်း၊ အဖျက်လုပ်ရပ်များ လုပ်ဆောင်နေခြင်းများကို ဖော်ထုတ်၍ ဒေသအာဏာပိုင်အဖွဲ့အစည်းများထံသို့ သတင်းပေးကာ ဖမ်းဆီးထိန်းသိမ်းခြင်း၊ အရေးယူခြင်းများဖြင့် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေ၌ မြန်မာ့မီးရထားနယ်မြေ၊ ဘူတာလမ်းပိုင်း၊ စက်ရုံ၊ အိမ်ယာများအတွင် ကျူးကျော်ဝင်ရောက်အခြေချသူများ အဖျက်လုပ်ရပ်များကို လုပ်ကိုင် နေသူများကို နယ်မြေခံလုံခြုံရေးတပ်ဖွဲ့များ အကူအညီယူ၍ ရှင်းလင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အရေးပေါ်ကာလအတွင်း အချို့ဝန်ထမ်းများ မိမိတာဝန်ကို ပြန်လည်ထမ်းဆောင်မှုမပြုခြင်းသည် ဝန်ထမ်းစည်းမျဉ်းစည်းကမ်း ဖောက်ဖျက်ခြင်း ဖြစ်သောကြောင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများအတိုင်း အရေးယူဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ CDM လှုပ်ရှားမှုတွင် ခေါင်းဆောင်ပါက ဥပဒေအရ တရားစွဲခံရမည်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် တာဝန်ထမ်းဆောင်ရန် ပျက်ကွက်နေသော ဝန်ထမ်းများကိုလည်း နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများအတိုင်း အရေးယူဆောင်ရွက်ရန် ညွှန်ကြား ထားပြီးဖြစ်၍ စိစစ်အရေးယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အကြောင်းမဲ့၊ ပျက်ကွက်နေသော ဝန်ထမ်းများကိုလည်း တာဝန်ရှိသူများက ဆက်သွယ်ပြီး အမြန်ဆုံးလုပ်ငန်းခွင်သို့ ပြန်လည်ရောက်ရှိရေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လက်ရှိရထားပြေးဆွဲချိန်များတွင် ရထားလမ်းများကို မသမာသူ များက အတားအဆီးချထားခြင်း၊ သံလမ်းများဖြုတ်ထားခြင်း၊ ကွန်ကရစ်ဇလီဖားတုံးကလစ်များ ဖြုတ်ထားခြင်း၊ သံလမ်းဆက်များ ဖြုတ်ထားခြင်းများကို ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ရထားသံလမ်းလုံခြုံရေးအတွက် သက်ဆိုင်ရာဌာနများက လုံခြုံမှုရှိစေရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြန်မာ့မီးရထားဝန်ထမ်းများအနေဖြင့်  နိုင်ငံ့ဝန်ထမ်းများဖြစ်တဲ့အတွက် နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆)ချက်ကို လိုက်နာပြီး မိမိ၏လုပ်ငန်းတာဝန်များ ရပ်တန့်မှုမဖြစ်ပေါ်စေရေး တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ရထားလမ်းပိုင်းများတွင် ရထားများ အမြန်ဆုံး ပြန်လည်ပြေးဆွဲနိုင်ရေး ကြိုးပမ်းအားထုတ်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ဝန်ကြီး ဌာနအနေဖြင့် အခြားဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးရမည့်ကိစ္စရပ်များ၊ လိုအပ်ချက် များကို ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မှာကြားခဲ့သည်ကို သတင်းရရှိပါသည်။

 

မြန်မာ့မီးရထား