ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်နှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၃ခုနှစ်၊ ဇွန်လ (၃၀) ရက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် (၀၇:၀၀) နာရီတွင် မြန်မာ့မီးရထား၊ နေပြည်တော်ဘူတာကြီးဝန်းအတွင်း စက်ခေါင်း စက်ရုံအနီးရှိ ရန်ကုန် - မန္တလေး ရထားလမ်းဘေး မြေကွက်လပ်တွင် ကျင်းပရာ ဒုတိယဝန်ကြီးချုပ် နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း နှင့်ဇနီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနအသီးသီးမှ ဝန်ထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကမ္ဘာပေါ်ရှိ လူနှင့် သက်ရှိ သတ္တဝါအားလုံး၏ ၉၀ ရာခိုင်နှုန်းသည် သစ်ပင် သစ်တောများကို မှီခိုနေထိုင်လျက်ရှိကြောင်း၊ သစ်တောသစ်ပင်များက လိုအပ်သောအစားအစာများ၊ အသုံးအဆောင်များ၊ သစ်တောထွက်ပစ္စည်းအမျိုးမျိုး စသည်တို့ကို ထောက်ပံ့ပေးနိုင်ခြင်း၊ မြေဆီ လွှာနှင့် ရေကို ထိန်းသိမ်းပေးခြင်းကြောင့် သောက်သုံးရေများကို ရယူသုံးစွဲနိုင်ခြင်း၊ အောက်ဆီဂျင် ကို ထုတ်ပေးနိုင်ခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူနိုင်ခြင်းကြောင့် ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိပေးနိုင်ခြင်း၊  သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးသော သစ်ပင်များ ရှင်သန်ကြီးထွားရေးကိုလည်း ဂရုပြု ဆောင်ရွက်ရန် လိုအပ်ကြောင်း၊  နိုင်ငံတဝှမ်း စိမ်းလန်းစိုပြေစေရန် သစ်ပင်စိုက်ပျိုးပွဲတော်များကို နှစ်စဉ်ကျင်းပလျက်ရှိရာ  ယခုကဲ့သို့ အစဉ်အလာကောင်းကို ရေရှည်ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားပါသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူအားလုံးက စိန်တလုံး သရက်ပင် ၃၅၀ ကို စိုက်ပျိုးခဲ့ကြပြီး၊ သစ်ပင်စိုက်ပျိုးနေမှုများကို ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လိုက်လံကြည့်ရှုအားပေးပါသည်။

ယနေ့ ဝန်ကြီးဌာန၏ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပချိန်တွင် ဝန်ကြီးဌာနလက်အောက်ရှိ ဌာန၊ အဖွဲ့အစည်းများ၏ နိုင်ငံအတွင်း ဒေသအနှံ့အပြားရှိ ရုံးချုပ်များနှင့် ရုံးများတွင်လည်း တစ်ချိန်တည်း တစ်ပြိုင်တည်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ဆင်နွှဲကြပြီး၊ ရတနာတန်းဝင်အပင်များ၊ အရိပ်ရ လေကာပင်များ၊ သီးပင်စားပင်များ စုစုပေါင်း (၁၉,၈၃၂) ပင်ကို စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံး၊ ရုံးအမှတ်(၂၉)အနီးရှိ လျှိုပိတ်ဆည်တွင် ကျင်းပသည့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အခမ်းအနားတက်ရောက်ကြသူများနှင့်အတူ ငါးမြစ်ချင်းသားပေါက်ကောင်ရေ (၂၀,၀၀၀) ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန