ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနများကို ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ကြည့်ရှုစစ်ဆေး (၃၀-၄-၂၀၂၁)

၂၀၂၁ ခုနှစ်၊ မေလ (၁) ရက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါ၍ ဧပြီလ(၃၀)ရက်နေ့တွင် မန္တလေးမြို့ရှိ မြန်မာ့မီးရထား၊ မန္တလေးဘူတာကြီး၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (ဧရာဝတီဌာနခွဲ)၊ ရတနာပုံသင်္ဘောကျင်း၊ ဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်)၊ လူစီးတွဲနှင့် ကုန်တွဲ စက်ရုံ (မြစ်ငယ်)သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် နံနက်ပိုင်းတွင်မန္တလေးမြို့၊ မန္တလေးဘူတာကြီး၊ ခန်းမဆောင် တွင် ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့မီးရထား၊ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြန်မာ့စာတိုက်လုပ်ငန်း တို့မှ အရာထမ်း၊ အမှုထမ်းများအားလည်းကောင်း၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာန(ဧရာဝတီဌာနခွဲ) ခန်းမဆောင်တွင် ဝန်ကြီးဌာနလက်အောက်ရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများအားလည်းကောင်း၊ မွန်းလွဲပိုင်းတွင် မြန်မာ့မီးရထား၊ ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်)မှ အရာထမ်း၊ အမှုထမ်းများအားလည်းကောင်း တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံချိန်များတွင် ဌာနများမှ တာဝန်ရှိသူများက ဌာနအလိုက် လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေ၊ တွေ့ကြုံရသည့် အခက်အခဲများ၊ ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများကို တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန် မှာကြားပါသည်။

ဆက်လက်၍ ဒီဇယ်စက်ခေါင်း စက်ရုံ(ရွာထောင်)တွင် စက်ခေါင်းများပြုပြင်ခြင်း၊ စက်ခေါင်းအရံပစ္စည်းများ ထုတ်လုပ်ခြင်း လုပ်ငန်းများအား တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ဌာနများနှင့်တွေ့ဆုံချိန်များတွင် ပြောကြားရာ၌ လက်ရှိအခြေအနေတွင် ဝန်ကြီးဌာနနှင့် ပတ်သက် ဆက်စပ်သည့်နေရာများတွင် အဖျက်အမှောင့်လုပ်ငန်းများကို မကြာခဏ လာရောက်လုပ်ဆောင်လေ့ ရှိသဖြင့် လုံခြုံရေးနှင့် ပတ်သက်၍ အထူးဂရုစိုက်ကြရန်လိုကြောင်း၊ ထူးခြားဖြစ်စဉ်များ ဖြစ်ပွားလာပါက အထက်အကြီးအကဲများထံ အချိန်နှင့် တပြေးညီ သတင်းပို့ တင်ပြရန်နှင့် လုံခြုံရေးအထူးသတိရှိကြရန်လိုကြောင်း၊ စီမံကိန်းလုပ်ငန်းများအနေဖြင့် လက်ရှိ ဆောင်ရွက်ဆဲ On going Process လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီးချိန်တွင် မသမာသူများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် လူစုလူဝေးများဖြင့် ဆူပူဆန္ဒပြခြင်း၊ လူစုလူဝေးဖြင့် ဆူပူ အကြမ်းဖက်ဆန္ဒပြခြင်း၊ ရရာလက်နက်များဖြင့် တိုက်ခိုက်ခြင်း၊ အကြမ်းဖက် တိုက်ခိုက်ခြင်း များ တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ဆောင်ရွက်ခဲ့ကြောင်း၊ အကြမ်းဖက်ရာတွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ အပြစ်မဲ့ပြည်သူများ ရက်ရက်စက်စက် သတ်ဖြတ် ခံခဲ့ရကြောင်း၊ ဝန်ထမ်းများ ကို CDM လှုပ်ရှားမှုများတွင် ပါဝင်အောင် လှုံ့ဆော်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ခဲ့သဖြင့် ဝန်ထမ်းများ CDM လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြကြောင်း၊ CDM လှုပ်ရှားမှုကြောင့် ရထား ပြေးဆွဲခြင်း၊ သင်္ဘောပြေးဆွဲခြင်းလုပ်ငန်းများ ခေတ္တ ရပ်တန့်သွားခဲ့ကြောင်း၊ နောက်ပိုင်းတွင်  CDM လှုပ်ရှားမှုများတွင် မပါဝင်ခဲ့သော ဝန်ထမ်းများ၏ ကြိုးပမ်းဆောင်ရွက် ခဲ့မှုကြောင့် ရထားများ၊ သင်္ဘောများ ပြန်လည်ပြေးဆွဲနိုင်ခဲ့ပြီး ရုံး လုပ်ငန်းများလည်း ပုံမှန် ဆောင်ရွက်နိုင် ခဲ့ပြီးဖြစ်၍ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများ၏ လုပ်ဆောင်ချက်များအပေါ် အသိအမှတ်ပြုပါကြောင်း၊ ဌာနများအလိုက် အကြောင်းမဲ့ပျက်ကွက်နေသော ကျန်ဝန်ထမ်း များအား  မိမိဌာန၏ လူစွမ်းအားအရင်းအမြစ်များ မဆုံးရှုံးစေရေး စည်းရုံးဆောင်ရွက်သွားကြ ရန် လိုအပ်ကြောင်း၊ ပြုန်းတီးဝန်ထမ်း နေရာများအတွက် ပြန်လည် ဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ဌာနများတွင် အထက် အကြီးအကဲ၊ လက်အောက်ငယ်သားများ အမြဲတမ်းထိတွေ့ဆက်ဆံ၍ ဌာနတွင်းစည်းလုံးညီညွတ်ရေးကို စဉ်ဆက်မပြတ် တည်ဆောက်နေကြရန်၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေး ကိစ္စရပ်များကို အထူးအလေးထား ဆောင်ရွက်ပေး ကြရန်နှင့် ဌာနအကြီးအကဲအဆင့်ဆင့်အနေဖြင့် မိမိတို့ဌာန ဆောင်ရွက်ရမည့်လုပ်ငန်း တာဝန်များ ပုံမှန်ပြန်လည် ဆောင်ရွက်နိုင်စေရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။  ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဌာနများမှ အရာထမ်း၊ အမှုထမ်းများအား စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ဌာနများကို ကြည့်ရှု စစ်ဆေးရာတွင် မန္တလေးဘူတာကြီး အဆောက်အဦနှင့် ဆက်စပ်လုပ်ငန်းဆိုင်ရာနေရာများကို ကြည့်ရှု စစ်ဆေးခြင်း၊ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးလက်အောက်ရှိ ရတနာပုံသင်္ဘောကျင်း၌ သင်္ဘောလွန်းတင် ပြုပြင်မှုများနှင့် လွန်းကျင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခြင်း၊ မြန်မာ့မီးရထား ဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်)၏ စက်ခေါင်းပြုပြင်ခြင်း၊ စက်ခေါင်းအရံပစ္စည်းများ ထုတ်လုပ်ခြင်း၊ လုပ်ငန်းများ ကြည့်ရှု စစ်ဆေးခြင်း၊ မြန်မာ့မီးရထား လူစီးတွဲနှင့် ကုန်တွဲစက်ရုံ (မြစ်ငယ်) တွဲသစ် တည်ဆောက်ရေး စက်ရုံအတွင်းရှိ ကိုရီးယားနိုင်ငံနှင့်တရုတ်နိုင်ငံများမှ ဝယ်ယူထားသည့် လူစီးတွဲသစ်များနှင့် တွဲတည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးခြင်း၊ မြစ်ငယ်ဘူတာရုံရှိ အထူးရထားတွဲဆိုင်းအား ကြည့်ရှုစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ရာတွင် တာဝန်ရှိသူများ၏ လိုက်လံပြသ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက  လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန