ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် သိမ်ဇရပ်-မော်လမြိုင် လမ်းပိုင်း စစ်ဆေးခြင်းနှင့် မော်လမြိုင်မြို့ရှိ ဌာနဆိုင်ရာများအား တွေ့ဆုံမှာကြား

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ဇွန်လ (၃)ရက်နေ့ နံနက် ပိုင်းတွင် သိမ်ဇရပ်-မော်လမြိုင် လမ်းပိုင်းအား ကြည့်ရှု စစ်ဆေးပါသည်။

         

ရှေးဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဘိုရားကြီးဘူတာနှင့် ကျိုက်ထိုဘူတာကြား တာပေါင်မြှင့်၍ ကျဉ်းသော နေရာများတွင် မြေဖို့ခြင်း နှင့် တူးမြေ တောင်ကြားများတွင် ဘေးနံရံအား ချဲ့၍ ရေမြောင်းတူးခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အားလည်းကောင်း၊ ကျိုက်ထိုဘူတာ သန့်ရှင်းသပ်ရပ်စေရန် ပြုပြင်ထားရှိမှုနှင့် ကျိုက်ထိုဘူတာ သံလမ်း ခုံးကျော်တံတား ပြုပြင်ထားမှုတို့အား လည်းကောင်း၊ ကျိုက်ထိုဘူတာနှင့် မရမ်းကုန်း ဘူတာကြား တံတားအမှတ် (၅၁) တွင် တပ်ဆင် အသုံးပြုမည့် သံမဏိသံဘောင်ပေါ်တွင် သစ်မာ ဇလီဖား အစား သံမဏိဇလီဖားဖြင့် ပြောင်းလဲ တပ်ဆင်နေမှုအား လည်းကောင်း၊ ပေါင်ဘူတာ ယာဒ်ဝန်းတွင် (၉)ချောင်းဆက် သံလမ်း ပြုလုပ်နေမှုအား လည်းကောင်း၊ သံလမ်းခံနိုင်ဝန် တိုင်းတာခြင်း လုပ်ငန်းများအား လည်းကောင်း၊ ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး၊ စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလ အမီ ပြီးစီးရေး၊ ပစ္စည်းများ လေ့လွင့်မှု မရှိစေရေးတို့အား တာဝန်ရှိသူများအား မှာကြားပါသည်။ (၉)ချောင်းဆက် သံလမ်းများကို ပဲခူးမှ တောင်စွန်းအထိ ၆၂.၅ မိုင်အား ဝေါဘူတာ တွင် အခြေပြု၍ လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက် ပြီးစီးခဲ့ပြီး ယခု ပေါင်ဘူတာ ယာဒ်ဝန်းတွင် အ​ခြေပြု ဆောင်ရွက်နေသော (၉)ချောင်းဆက် သံလမ်းများအား တောင်စွန်း-မော်လမြိုင် လမ်းပိုင်း ၆၇ မိုင်အား လဲလှယ် အသုံးပြုသွားမည် ဖြစ်သည်။ သံလမ်းများတပ်ဆင်ပြီးပါက ရထားပြေးဆွဲမှုမှာ ပိုမို ငြိမ့်ညောင်းစွာ သွားလာနိုင်မည့် အပြင် အဆက်များတွင် ခုန်ဆောင့်ခြင်းများ သက်သာသွားမည် ဖြစ်သည်။ သံလမ်းဆက်များအား မကြာခဏ ပြုပြင်နေရမှုများလည်း သက်သာသွားမည်ဖြစ်သည်။

 

ဆက်လက်၍ မော်လမြိုင်လေဆိပ်သို့ ရောက်ရှိပြီး လေယာဉ်ပြေးလမ်းအား အဆင့်မြှင့် တိုးချဲ့ခြင်း လုပ်ငန်း၊ လေဆိပ်အဆောက်အဦနှင့် လေကြောင်းထိန်းမျှော်စင်အား ပြုပြင် မွမ်းမံ တည်ဆောက် မည့် နေရာများအား လိုက်လံ ကြည့်ရှုခဲ့ပြီး လေဆိပ်ဝန်ထမ်းများအား တွေ့ဆုံ မှာကြားခဲ့ပါသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်၊ ကျောက်ဝဲဂူဘုန်းကြီးကျောင်း အနီးရှိ ပြည်နယ်ရံပုံငွေဖြင့် ဆောင်ရွက်ပြီးစီးသော အလျား (၁၅၀) ပေ၊ ကမ်းပါးပြို ကာကွယ်ရေး လုပ်ငန်း ဖြစ်သည့် ဘိုးပိုင်အခြေပြု ကျောက်စီနံရံ ဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေးပါသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးသို့ လည်းကောင်း၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးသို့ လည်းကောင်း သွားရောက်၍ ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ ဝန်ထမ်းများအား တွေ့ဆုံပြီး ပြည်သူလူထုနှင့် ဆက်ဆံရာတွင် ယဉ်ကျေး ပြေပြစ်စေရန်၊ ပြည်သူလူထုအား ဝန်ထုပ်ဝန်ပိုး မဖြစ်အောင် ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများအား နိုးကြား တက်ကြွခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်း၊ အများအကျိုးကို သယ်ပိုးခြင်း စသည်ဖြင့် ဝန်ထမ်းတို့၏ အမူအကျင့်အဖြစ် မှတ်သား ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန