ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(ရုံးချုပ်)၊ ဒလသင်္ဘောကျင်းနှင့် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ နိုဝင်ဘာလ ၂၂

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဒလသင်္ဘောကျင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနမှတာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး ဒလသင်္ဘောကျင်း၊ အင်ဂျင်နီယာမှူးကြီးရုံး အစည်းအဝေးခန်းမတွင် ဒလသင်္ဘောကျင်း အင်ဂျင်နီယာမှူးကြီးက ဒလသင်္ဘောကျင်း၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ရှေးဟောင်းသမိုင်းဝင် ဒီဇယ်ရုံ အဆောက်အဦကို ရှေးမူမပျက် ပြန်လည်ပြင်ဆင်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် ယခင်က ပြည်သူအများ ရေကြောင်းခရီးဖြင့်သွားရာ၌ အထောက်အကူများစွာ ရရှိခဲ့သည့် အစဉ်အလာ ကောင်းမွန်သည့် ဌာနတစ်ခုဖြစ်ပါကြောင်း၊ ယခုအခါ ကားလမ်းများ၊ တံတားများ တိုးတက် တည်ဆောက်လာပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည့်အတွက် ပြည်သူများအနေဖြင့် ကုန်းလမ်းခရီးကို အသုံးများလာကြသော်လည်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး အနေဖြင့် သယ်ယူပို့ဆောင်ရေးစရိတ် သက်သာသော ရေလမ်းခရီးဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ရေယာဉ်များ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ခုတ်မောင်း သွားလာနိုင်ရေးအတွက် သတ်မှတ်ကာလနှင့်အညီ လွန်းတင်ပြင်ဆင်မူများကို ပုံမှန်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ မျှော်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ရေးဌာန၊ ရေကြောင်းဌာန၊ ကုန်စည်ဌာနှင့် သယ်ယူပို့ဆောင်ရေး ဌာနများအနေဖြင့် စည်းလုံးညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဒလသင်္ဘောကျင်းရှိ ရေယာဉ် ပြင်ဆင်နေမှု အခြေအနေများ၊ စက်ရုံ၊ အလုပ်ရုံ၊ လွန်းလမ်းများနှင့် ရှေးဟောင်းသမိုင်းဝင် ဒီဇယ်ရုံအဆောက်အဦကို ရှေးမူမပျက် ပြန်လည်ပြင်ဆင်နေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။

နေ့လည်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(ရုံးချုပ်)သို့ သွားရောက်ခဲ့ပြီး ရေယာဉ်ဝန်ထမ်းများအား တွေ့ဆုံ၍ လက်ရှိကာလ ရေယာဉ်ဝန်ထမ်းများ၏ ကြိုးပမ်းဆောင်ရွက်မူများကို အသိအမှတ်ပြုပါကြောင်း၊ ဝန်ထမ်းပီသစွာဖြင့် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းစွာ နေထိုင်သွားကြပြီး လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားကြရန်နှင့် နိုင်ငံတော်အနေဖြင့်လည်း ဝန်ထမ်းများ၏ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးနေမူများကို သိရှိနားလည်စေရေး ပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မြန်မာ့သင်္ဘောကျင်းလုပ်ငန်း သို့သွားရောက်ခဲ့ပြီး ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆို၍ အစည်းအဝေးခန်းမတွင် ဦးဆောင်ညွှန်ကြားရေးမှူးက လုပ်ငန်းများဆောင်ရွက်နေမူ အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် အချိန်ဇယားများ စနစ်တကျ ရေးဆွဲပြီး ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ ကျွမ်းကျင်လုပ်သားများ ခါးဆက် မပြတ်စေရေး၊ လုပ်ငန်းများအောင်မြင်ရေးအတွက် အဖွဲ့အစည်းဌာနများအလိုက် ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး တန်ချိန် ၁၂၀၀၀ ရေလုံလွန်းကျင်းတွင် လွန်းတင်ပြင်ဆင်နေသည့် အခြေအနေနှင့် အလုပ်ရုံများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန