ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း မြန်မာနိုင်ငံကုန်သွယ်ရေကျောင်းကောလိပ်နှင့် မြန်မာနိုင်ငံရေကျောင်းပညာတက္ကသိုလ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေး

ရန်ကုန် ၊ နိုဝင်ဘာလ ၂၁

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ  မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၊ ကျောင်းအုပ်ကြီး၊ ဌာနမှူးများနှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး အစည်းအဝေးခန်းမတွင် ကျောင်းအုပ်ကြီး က   မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများ  အရည်အချင်းပြည့်မီသော ရေကြောင်းကောလိပ် အရာရှိလောင်းများအဖြစ် သင်ကြားပေးနေသည့် အခြေအနေများကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက  လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ တာဝန်ရှိသူအဆင့်ဆင့်က အနီးကပ်ကြီးကြပ် ဆောင်ရွက်သွားရန်နှင့် အရည်အချင်းပြည့်ဝသော ရေကြောင်းအရာရှိလောင်းများ မွေးထုတ်ပေးနိုင်ရေး နိုင်ငံတကာအသိအမှတ်ပြု ရေကြောင်းကောလိပ်တစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်ရေး စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၏ Simulatorများ၊ စာသင်ခန်းများ၊ Lab ခန်းများ၊ စာကြည့်တိုက် ၊ အိပ်ဆောင်များ၊ အလုပ်ရုံများ၊ စားရိပ်သာတို့အား လှည့်လည်စစ်ဆေးခဲ့ပြီး ရေကြောင်းကောလိပ်အရာရှိလောင်း စုပေါင်းစားရိပ်သာ၌ ရေကြောင်းအရာရှိလောင်းများ နှင့်အတူ နေ့လယ်စာ စားသုံးခဲ့သည်။

နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးသည် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်(သန်လျင်)သို့ ရောက်ရှိခဲ့ပြီး ပါမောက္ခချုပ်ရုံး အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်က  နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကျောင်းသား/ကျောင်းသူ အိပ်ဆောင်  တည်ဆောက်ထားမှု အခြေအနေများ၊ လမ်းဘေးဝဲယာ ပလက်ဖောင်းများ တည်ဆောက်နေမှု အခြေအနေများ၊ ကျောင်းသားသစ်များ လက်ခံထားရှိမှု အခြေအနေများ၊ ၊မဟာသိပ္ပံဘွဲ့သင်တန်း၊ ဘွဲ့ကြိုသင်တန်းနှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင် ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့သည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက   အဆောက်အဦများ တည်ဆောက်ရာတွင် သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် တည်ဆောက်သွားရေး ၊ အရည်အသွေးစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရေး၊ တည်ဆောက်ပြီးစီးပါကလည်း နှစ်စဉ်ထိန်းသိမ်းရေးအတွက် အစဉ်ဆောင်ရွက်သွားရေး ၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် ပါတီနိုင်ငံရေး ကင်းရှင်းစွာဖြင့် လုပ်ငန်းတာဝန်များကို အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်သွားရေး ၊ ကျန်းမာရေး အထူးဂရုစိုက်ကြစေရေး မှာကြားခဲ့သည်။  

ထို့နောက် ဒုတိယဝန်ကြီးသည် စာကြည့်တိုက်၊   ကျောင်းသား/သူများ၏ အိပ်ဆောင် တည်ဆောက်နေမှု အခြေအနေနှင့် ပလက်ဖောင်းတည်ဆောက်ပြီးစီးမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအတွက် ဆန်နှင့်အသုံးအဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန