ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဒလသင်္ဘောကျင်းအား ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ ဩဂုတ်လ (၁၃)ရက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့ နံနက်(၈)နာရီတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ကျန်းမာရေးဆိပ်ကမ်းသို့ ရောက်ရှိလာရာ၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့်အဖွဲ့က ကြိုဆိုခဲ့ကြပြီး၊ ရေယာဉ်ဖြင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဒလသင်္ဘောကျင်းသို့ ထွက်ခွါခဲ့ကြသည်။

ဒုတိယဝန်ကြီးအား ဒလသင်္ဘောကျင်း၊ အင်ဂျင်နီယာမှူးကြီးရုံး၊ အစည်းအဝေးခန်းမ၌ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက် တာဝန်များ၊ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများ၊ ဒလသင်္ဘောကျင်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ နိုင်ငံတော်အကြီးအကဲနှင့် ပြည်ထောင်စုဝန်ကြီးတို့၏ လမ်းညွှန် မှာကြားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့သည်။

ရှင်းလင်းတင်ပြချက်နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ဒလသင်္ဘောကျင်းသည် ရှေးဟောင်းသမိုင်းဝင် သင်္ဘောကျင်းကြီးတစ်ခု ဖြစ်သည်နှင့်အညီ နိုင်ငံတော်အကြီးအကဲ အနေဖြင့်လည်း ရှေးဟောင်းအဆောက်အဦများကို ရေရှည် တည်တံ့စေရေး ထိန်းသိမ်းသွား ရန်နှင့် ဒလသင်္ဘောကျင်းရှိ အလုပ်ရုံ၊ အဆောက်အဦတို့ကို ပြန်လည်ပြုပြင်၍ လိုအပ်သည့် စက်ပစ္စည်းများ၊ စက်ယန္တရားများကို ဖြည့်တင်းပြီး လုပ်ငန်းများ လည်ပတ်နိုင်ရေး စီမံ ဆောင်ရွက်ရန် လမ်းညွှန်ထားသည့်အတွက် စနစ်တကျ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်သွားရန်၊ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ တာဝန်ရှိသူ အဆင့်ဆင့်မှ အနီးကပ် ကြီးကြပ် ဆောင်ရွက်သွားပြီး  လုပ်ငန်းများ သတ်မှတ်ချိန်အတွင်း အချိန်မီ ပြီးစီးရေး အလေးထား ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဒလသင်္ဘောကျင်းရှိ ဝန်ထမ်းများအတွက် စားသောက် ဖွယ်ရာများကို ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဒလ သင်္ဘောကျင်းရှိ ရေယာဉ်များ လွန်းတင် ပြင်ဆင်မှုအခြေအနေများ၊ စက်ရုံ၊ အလုပ်ရုံနှင့် လွန်းလမ်းများအား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။