ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လက်အောက်ရှိဌာနများကို ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်းကြည့်ရှုစစ်ဆေး

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁၉) ရက်

          ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်း သည် ဝန်ကြီးဌာနမှတာဝန်ရှိသူများလိုက်ပါ၍ ဩဂုတ်လ (၁၉) ရက်နေ့တွင် နေပြည်တော်နယ်မြေ အတွင်းရှိ မြန်မာ့စာတိုက်လုပ်ငန်း(ရုံးချုပ်)၊ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဒေတာစင်တာနှင့် မိုဘိုင်း ဆက်သွယ်ရေး အိတ်ချိန်း၊ မြန်မာ့မီးရထား နေပြည်တော်ဘူတာကြီးနှင့် စက်ခေါင်းသစ် တပ်ဆင် ထုတ်လုပ်ရေးစက်ရုံ  (နေပြည်တော်) နေရာများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် (၀၉၀၀)နာရီအချိန် နေပြည်တော် ဗဟို စာတိုက်ကြီးသို့ ရောက်ရှိရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ဗဟိုစာတိုက်ကြီးရှိ မြန်မာ့စာတိုက်လုပ်ငန်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ အရာထမ်း၊ အမှုထမ်းများဖြင့် တွေ့ဆုံပါသည်။ တွေ့ဆုံချိန်တွင်  မြန်မာ့ စာတိုက်လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အထွေထွေမန်နေဂျာတို့က မြန်မာ့စာတိုက် လုပ်ငန်း၏ ဖွဲ့စည်းပုံ၊ စာတိုက်များ၏ ကွန်ရက်၊  လုပ်ငန်းပြည့် စာတိုက်များမှ ဆောင်ရွက်သည့် ဝန်ဆောင်မှုလုပ်ငန်းများ၊ မြန်မာ့စာတိုက် ထပ်ဆောင်းဝန်ဆောင်မှု လုပ်ငန်းသစ်များ၊ ခေတ်အဆက်ဆက် ထုတ်ဝေခဲ့သော တံဆိပ်ခေါင်းများ၊ ဘဏ်နှင့်ငွေကြေးဆိုင်ရာလုပ်ငန်း (Mobile Money) လုပ်ငန်းများ၊ အမြန်ချောပို့ လုပ်ငန်းသစ်များနှင့် အပြည်ပြည်ဆိုင်ရာ စာတိုက်များဆု ရရှိမှုများနှင့်ပတ်သက်ပြီး တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့စာတိုက်လုပ်ငန်း၏ ချောပစ္စည်းများ သယ်ယူပို့ဆောင်မှုများ ယခုထက် ပိုမိုမြန်ဆန် လုံခြုံမှုရှိစေရေး အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းသစ် ဆောင်ရွက်နေမှုများ၊ ပြည်သူ အကျိုးပြု ဆောင်ရွက်နေသော လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပေး ဆောင်ရွက်ရန်၊ အနာဂတ်ရည်မှန်းချက်များ၊ Vision ၊ Mission နှင့် လုပ်ငန်းတာဝန်များအား အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေး ဂရုပြုကြရန်၊ ဝန်ထမ်းများ ကျန်းမာရေးအတွက် ကာကွယ်ဆေးထိုးခြင်း၊ Covid-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန်၊ တံဆိပ်ခေါင်းများ ပိုမို ထုတ်ဝေနိုင်ရန်နှင့် ခေတ် အဆက်ဆက် ထုတ်ဝေခဲ့သော တံဆိပ်ခေါင်းများအား စနစ်တကျ ထိန်းသိမ်းထားရှိရန်နှင့်  မြေနေရာလပ်များတွင် သီးပင်စားပင်များ စိုက်ပျိုးရန် လမ်းညွှန် မှာကြားခဲ့ပြီး မြန်မာ့စာတိုက်လုပ်ငန်း ပြခန်း၊ နေပြည်တော် ဗဟိုစာတိုက်ကြီး ကောင်တာ၊ စာ/ပါဆယ်များ လုံခြုံရေးစစ်ဆေးနေသော X-Ray စက်ခန်းနှင့် စာတိုက်သေတ္တာထားရှိသည့် နေရာများကို လှည့်လည် ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားပါသည်။ ထို့နောက် လုပ်ငန်းဆောင်ရွက်နေသော ဝန်ထမ်းများဖြင့် တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် (၁၃၃၀)နာရီတွင် သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနသို့ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး ရုံးချုပ်အစည်းအဝေးခန်းမတွင် e-Government ဌာန ညွှန်ကြားရေးမှူးက e-Government Data Center  လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ ဝန်ဆောင်မှုပေးနေသည့် အခြေအနေနှင့် ဆောင်ရွက်ဆဲ စီမံကိန်းများ ဖြစ်သော  e-Government integrated Data Center တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်မှုများ တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ပါသည်။ ဆက်လက်၍ အမျိုးသားဆိုက်ဘာလုံခြုံရေး ဗဟိုဌာန ညွှန်ကြားရေးမှူးက အမျိုးသား ဆိုက်ဘာ လုံခြုံရေးဗဟိုဌာန၏ တာဝန်ဝတ္တရားများ၊ ဆောင်ရွက်လျက် ရှိသော လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများ၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာမူဝါဒနှင့် မဟာဗျူဟာ ပြုစု ရေးဆွဲနေမှု အခြေအနေ၊ ဆိုက်ဘာ လုံခြုံရေးဥပဒေ ပြုစု ရေးဆွဲနေမှု အခြေအနေ၊ တိုးတက်စေရေး ဆောင်ရွက်သင့်သည့် အချက်တို့ကို သုံးသပ် ရှင်းလင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက သတင်း အချက်အလက်နည်းပညာခေတ်တွင် ဆိုက်ဘာလုံခြုံရေးသည် အရေးကြီးသော လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် အထူးဂရုစိုက် ဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်ကို စနစ်တကျ ပြုစု ပျိုးထောင်ရန်နှင့် နိုင်ငံတကာစံနှုန်း၊ မြန်မာနိုင်ငံ၏ လိုအပ်ချက်တို့နှင့် ကိုက်ညီမည့် ဥပဒေ၊ စည်းမျဉ်းများ၊ မူဝါဒများ စနစ်တကျ ချမှတ်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်းနှင့် လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေး ဦးစီးဌာန အဆောက်အဦတည်ဆောက်နေမှု အခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေး၊ စံချိန်စံညွှန်း ပြည့်မီစွာတည်ဆောက်ရေးတို့ကို အထူးဂရုပြု ဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်ရှိ  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ဒေတာစင်တာနှင့် မိုဘိုင်းဆက်သွယ်ရေးအိတ်ချိန်းများအား သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လုံခြုံမှုအစီအမံများ ဆောင်ရွက်ထားရှိမှု၊ ဆက်သွယ်ရေးစခန်းများ ချို့ယွင်းမှုဖြစ်ပေါ် ပါက ပြုပြင်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ဒေသအလိုက် Mobile Team များ ဖွဲ့စည်း၍ အချိန်နှင့်တစ်ပြေးညီ ပြုပြင်နိုင်ရေး စီမံ ဆောင်ရွက်ထားရှိရန်နှင့် လုံခြုံရေးကိစ္စအား အထူးအလေးထား ဆောင်ရွက်ကြရန် လမ်းညွှန် မှာကြားခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် (၁၇၀၀)နာရီအချိန် နေပြည်တော်ဘူတာကြီးသို့ ရောက်ရှိရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။ ထို့နောက် အစည်းအဝေးခန်းမတွင် အထွေထွေမန်နေဂျာ(မြို့ပြ)က နေပြည်တော် ဘူတာတွင် သရုပ်ပြ စက်ခေါင်းများ ထားရှိမည့် အဆိုပြုပုံစံများ၊ မီးရထားပြတိုက် တည်ဆောက်မည့် အဆိုပြု နေရာများ၊ နေပြည်တော်ဘူတာနှင့် မလွှကုန်းဘူတာတို့တွင် မီးရထားပြတိုက် တည်ဆောက်ရန် ဒီဇိုင်းရေးဆွဲခြင်းအတွက် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပါသည်။ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာ၍ မြန်မာ့မီးရထားပြတိုက် တည်ဆောက်မည့် အဆိုပြုမြေနေရာများကို လိုက်လံ ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်စက်ခေါင်းသစ် တပ်ဆင် ထုတ်လုပ်ရေးစက်ရုံသို့ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ များ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန