ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လက်အောက်ရှိဌာနများကို ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်းကြည့်ရှုစစ်ဆေး

၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၄) ရက်

          ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်း သည်ဝန်ကြီးဌာနမှတာဝန်ရှိသူများလိုက်ပါ၍ ဇွန်လ(၂၃)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပုသိမ်ဘူတာ၊ ပုသိမ်မြစ်အတွင်း မြစ်ကြမ်းခင်း မြေသား စွမ်းအင် မြှင့်တင်ပေးခြင်း လုပ်ငန်း နေရာ၊  ကမ်းနားလမ်း တိုးချဲ့ခြင်းနှင့် ကမ်းနားတစ်လျှောက် သာယာလှပရေး လုပ်ငန်းနေရာနှင့် အပြည်ပြည်ဆိုင်ရာ ရေအောက် ဆက်သွယ်ရေးစခန်း တို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်(၁)၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ (၀၈၀၀) အချိန်တွင် ပုသိမ်ဘူတာသို့ ရောက်ရှိရာ မြန်မာ့မီးရထားမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်ဘူတာ၌ မြန်မာ့မီးရထားမှ ဝန်ထမ်းများဖြင့် တွေ့ဆုံချိန်တွင် ရထားစီး ခရီးသည်များ စိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်ရေး၊ ရထားများ အချိန်မှန်ကန်မှု ရှိစေရေး၊ ရထားလမ်းများ ကောင်းမွန်စေရေး၊ မိမိ၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရေး၊ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာ ဆောင်ရွက်ရေး လမ်းညွှန် မှာကြားခဲ့ပါသည်။ ထို့နောက် မြန်မာ့မီးရထားမှ တာဝန်ရှိသူက ပုသိမ်ဘူတာနှင့် ဟင်္သာတဘူတာကြား ရထားလမ်းပိုင်း ပြုပြင် ဆောင်ရွက်မှု၊ ဘူတာများ အဆင့်မြှင့်တင် ပြုပြင်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရထားလမ်းများ ပြုပြင်ရာတွင် စံချိန် စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်၊ ဘူတာများ သန့်ရှင်းသပ်ယပ် စေရေး၊ မွမ်းမံပြုပြင်ထိန်းသိမ်းဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားပါသည်။ ဆက်လက်၍ ပုသိမ် ဘူတာအား ကြည့်ရှု စစ်ဆေးရာတွင် ဘူတာစင်္ကြန် ပလက်ဖောင်းများ ပြုပြင်ဆောင်ရွက်ပေးရန်၊ ပလက်ဖောင်းပေါ်တွင် အန္တရာယ် မျဉ်းဝါလိုင်းများ ထင်ရှားစွာ ရေးဆွဲထားရန်၊ ၁၉၂၀ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့သည့် ပုသိမ်ဘူတာအား ရှေးမူမပျက် ထိန်းသိမ်း ပြုပြင် မွမ်းမံရန် လမ်းညွှန်မှာကြား ခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာရာ (၀၈၅၀)အချိန်တွင် ပုသိမ်မြစ်၊ မြစ်ကြမ်းခင်း မြေသားစွမ်းအင် မြှင့်တင်ခြင်း လုပ်ငန်း နေရာတွင် ရေပြင်ပိုင်းနှင့် ဆက်စပ်သည့် ကုန်းတွင်းပိုင်းတွင် ဆောင်ရွက်မည့်လုပ်ငန်းများ၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးပါသည်။ ထို့နောက် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူက ပုသိမ်ကမ်းနားလမ်း တိုးချဲ့ခြင်းနှင့် ကမ်းနားတစ်လျှောက် သာယာလှပရေး ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်း တင်ပြခြင်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူက ပုသိမ်မြစ် ရေလမ်းကြောင်း တိုးတက် ကောင်းမွန်စေရေးအတွက် သောင်တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခြင်းတို့ ဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပုသိမ်မြစ်အတွင်း မြစ်ကြမ်းခင်း မြေသားစွမ်းအင် မြှင့်တင်ပေးခြင်းလုပ်ငန်း၊ ပုသိမ်ကမ်းနားလမ်း တိုးချဲ့ခြင်းလုပ်ငန်းနေရာများကို ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများ၏ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် (၁၀၁၅) အချိန်တွင် ဧရာဝတီ တိုင်းဒေသကြီး၊ ဧရာရွှေဝါခန်းမသို့ ရောက်ရှိပြီး ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများနှင့် လုပ်ငန်း အဖွဲ့အစည်းများမှ အရာထမ်း၊ အမှုထမ်းများဖြင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံချိန်တွင် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဌာနများမှ အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံချိန်တွင် ဝန်ကြီးဌာနလက်အောက်ရှိ ဌာနများအနေဖြင့် ပြည်သူများ၏ သွားလာ ပို့ဆောင်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနများအလိုက် ချမှတ်ထားသည့် ရည်မှန်းချက်များ၊ မျှော်မှန်းချက်များ၊ တာဝန်ဝတ္တရားများ အောင်မြင်စေရေး  ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုကြောင်း၊ COVID-19 ရောဂါကူးစက် ပြန့်ပွားမှု များပြားနေခြင်းကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းများအတိုင်း တိကျစွာ လိုက်နာ ဆောင်ရွက်ကြရန် လိုကြောင်းနှင့် ဌာနများနှင့် ပတ်သက် ဆက်စပ်သည့် နေရာများတွင် အဖျက်အမှောင့် လုပ်ငန်းများ မကြာခဏ လာရောက် လုပ်ဆောင်လေ့ ရှိသဖြင့် လုံခြုံရေး အထူးဂရုပြုကြရန် လိုကြောင်း၊ လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိရန် လိုကြောင်း၊ ဌာနများအလိုက် တာဝန်ကျဝန်ထမ်းများ စနစ်တကျ လုံခြုံရေး စောင့်ကြပ်ရန် လိုအပ်ကြောင်း၊ ဌာနအကြီးအကဲများ အနေဖြင့်လည်း ဝန်ထမ်းများ၏ သက်သာ ချောင်ချိရေး ကိစ္စရပ်များကို အထူးအလေးထား ဆောင်ရွက်ပေးကြရန် မှာကြားပြီး ဌာနများမှ အရာထမ်း၊ အမှုထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၁၃၀၀)အချိန်တွင် ပုသိမ်မြို့ အပြည်ပြည်ဆိုင်ရာ ရေအောက်ဆက်သွယ်ရေးစခန်းသို့ ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ပါသည်။ ထို့နောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာက ရေအောက်ကေဘယ် ဆက်သွယ်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိရပါသည်။

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန