ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ ရန်ကုန် - နေပြည်တော် - ရန်ကုန် ရထားလမ်းပိုင်း၌ အမှတ်(၈)အစုန် လူစီးရထားနှင့် နေပြည်တော်-မန္တလေး ရထားလမ်းပိုင်းတွင် RBE လူစီးရထားခရီးစဉ်ပြေးဆွဲ

နေပြည်တော်၊ ဧပြီ(၁၃)

 ရန်ကုန်-နေပြည်တော်-ရန်ကုန် ရထားလမ်းပိုင်း၌ ခရီးသွား မိဘပြည်သူများ ခရီးသွားလာမှု အဆင်ပြေ စေရန်အတွက် ဧပြီလ ၄ ရက်နေ့မှ စ၍ အဆန်တစ်ရက်၊ အစုန်တစ်ရက်ဖြင့် စတင်ပြေးဆွဲ ပေးခဲ့ပါသည်။

မဟာသင်္ကြန် ကာလအတွင်း ခရီးသွား မိဘပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရန် ယနေ့နံနက် (၆)နာရီတွင် အမှတ်(၈)အစုန် နေပြည်တော်-ရန်ကုန် လူစီးရထား ပြေးဆွဲပေးခဲ့ရာ Covid-19 စည်းကမ်းချက်များနှင့်အညီ နှစ်ခုံ တစ်ယောက်နှုန်းဖြင့် နေပြည်တော်ဘူတာနှင့် ခရီးစဉ်တစ်လျှောက် ဘူတာများမှ ရထားစီး ခရီးသည် အထက်တန်း/ရိုးရိုးတန်း စုစုပေါင်း (၄၂)ဦးတို့ လိုက်ပါ စီးနင်းခဲ့ကြပါသည်။

ထိုနည်းတူ နေပြည်တော်-မန္တလေး ရထားလမ်းပိုင်း၌လည်း RBE လူစီးရထားသည် နေပြည်တော်ဘူတာမှ ယနေ့ နံနက်(၆) နာရီတွင် ထွက်ခွာခဲ့ပြီး နေပြည်တော်ဘူတာနှင့် ခရီးစဉ်တစ်လျှောက် ဘူတာများမှ ရထားစီး ခရီးသည်(၃၂)ဦးတို့ လိုက်ပါ စီးနင်းခဲ့ပြီး ခရီးဆုံး ဘူတာ ဖြစ်သည့် မန္တလေးဘူတာသို့ နေ့လယ် ၁၂ နာရီ ၅၀ မိနစ်တွင် ဆိုက်ရောက်ခဲ့ပါသည်။

ဧပြီလ ၁၉ ရက်နေ့တွင်လည်း နေရပ်ပြန်လာမည့် ရထားစီး မိဘပြည်သူများနှင့် ဝန်ထမ်းများအတွက် အမှတ်(၇)အဆန် လူစီးရထားကို ရန်ကုန်မြို့မှ နံနက် (၈) နာရီတွင် ထွက်ခွာ ပြေးဆွဲပေးမည်ဖြစ်ပြီး နေပြည်တော်သို့ ည(၈) နာရီတွင် ဆိုက်ရောက်မည် ဖြစ်ပါသည်။

နေပြည်တော်-ရန်ကုန် ရထားလမ်းပိုင်း၌ လမ်းခရီးတွင် ပျဉ်းမနား၊ အေလာ၊ ရေနီ၊ ရေတာရှည်၊ တောင်ငူ၊ ဖြူး၊ ကညွတ်ကွင်း၊ ကျောက်တံခါး၊ ညောင်လေးပင်၊ ဒိုက်ဦး၊ ပဲခူး၊ တိုးကြောင်ကလေး စသည့် ဘူတာ များ၌လည်းကောင်း၊ နေပြည်တော်-မန္တလေး ရထားလမ်းပိုင်းတွင် ဘူတာစဉ်၌လည်းကောင်း အသီးသီး ရပ်တန့်‌ ပေးခဲ့ပါသည်။

ခရီးသည် စီးနင်းမှု များပြားလာသည်နှင့်အမျှ ရထားတွဲဆိုင်းများ ပိုမိုချိတ်ဆက်ခြင်း၊ တစ်ရက်ခြား ပြေးဆွဲရာမှ နေ့စဉ်ပြေးဆွဲပေးခြင်းနှင့် ရထားအစင်းရေ တိုးမြှင့်ခြင်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး ရန်ကုန်-မော်လမြိုင်-ရန်ကုန် ခရီးစဉ်ဖြင့် လိုက်ပါ စီးနင်းလိုသည့် ခရီးသွားမိဘပြည်သူများ၊ ဝန်ထမ်းများ အနေဖြင့် လုံခြုံစိတ်ချစွာ လိုက်ပါစီးနင်းနိုင်ပါကြောင်း သတင်းရရှိပါသည်။

 

မြန်မာ့မီးရထား