ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ မန္တလေး-ရွှေဘို-မန္တလေးလမ်းပိုင်း နှင့် အင်းစိန်-ဉက္ကံ-အင်းစိန်လမ်းပိုင်းတို့၌ ခရီးသည်များခရီးသွားလာမှုအဆင်ပြေစေရန် RBE လူစီးရထားပြေးဆွဲ

နေပြည်တော်၊ ဧပြီ ၁၂

လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ချောမွေ့အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် မြန်မာ့မီးရထားသည် လမ်းပိုင်းအလိုက် ရထားများကို ပြေးဆွဲပေးလျက်ရှိရာ မန္တလေး-ရွှေဘို လမ်းပိုင်းနှင့် အင်းစိန်-ဉက္ကံလမ်းပိုင်းတို့၌ ခရီးသည်များ ခရီးသွားလာမှု အဆင်ပြေစေရန် ယနေ့ နံနက်ပိုင်းတွင် RBE လူစီးရထားကို ပြေးဆွဲပေးခဲ့ပါသည်။

အဆိုပါ မန္တလေး-ရွှေဘို-မန္တလေး ခရီးစဉ်တွင်မန္တလေး-ရွှေဘို အဆန် RBE လူစီးရထားသည် မန္တလေးဘူတာမှ နံနက် ၆ နာရီတွင် ဘူတာစဉ် ဖြတ်သန်း မောင်းနှင်ခဲ့ရာ ရွှေဘိုဘူတာသို့  ၉  နာရီ ၃၃ မိနစ်တွင် ရောက်ရှိခဲ့ပြီး ရွှေဘို-မန္တလေး အစုန် RBE ရထားခရီးစဉ်အဖြစ် ရွှေဘိုဘူတာမှ ၉ နာရီ ၅၀ မိနစ်တွင် ပြန်လည်ထွက်ခွာခဲ့ရာ မန္တလေးဘူတာသို့ နေ့လယ် ၁ နာရီ ၁၅ မိနစ်တွင် ပြန်လည် ဆိုက်ရောက်ခဲ့ပါသည်။

ထိုနည်းတူ အင်းစိန်-ဉက္ကံ-အင်းစိန်ခရီးစဉ်တွင်အင်းစိန်-ဉက္ကံ အဆန် RBE လူစီးရထားသည် အင်းစိန်ဘူတာမှ နံနက် ၇ နာရီခွဲတွင် ဘူတာစဉ် ဖြတ်သန်း မောင်းနှင်ခဲ့ရာ ဉက္ကံဘူတာသို့ ၁၁ နာရီတွင် ရောက်ရှိခဲ့ပြီး ဉက္ကံ-အင်းစိန် အစုန် RBE လူစီးရထားခရီးစဉ်အဖြစ် ဉက္ကံဘူတာမှ ၁၂ နာရီ ၁၀ မိနစ်တွင် ပြန်လည်ထွက်ခွာလာရာ အင်းစိန်ဘူတာသို့ နေ့လယ် ၂ နာရီ ၄၅ မိနစ်တွင် ပြန်လည် ဆိုက်ရောက်ခဲ့ပါသည်။

အဆိုပါ  မန္တလေး- ရွှေဘို-မန္တလေး လမ်းပိုင်း၊  ရထားပြေးဆွဲမှု ဆောင်ရွက်နေစဉ်အတွင်း အဆန် RBE ခရီးစဉ်တွင် ခက်ခဘူတာနှင့် ပေါက်ကန်ဘူတာကြား ၊ သာလှိုင်းဘူတာနှင့် ဝက်လက် ဘူတာကြားတွင် သံလမ်းပေါ် မြေသားများ ပိတ်ဆို့ထားခြင်း၊ အင်္ဂတေထုဖြင့် သံလမ်း တစ်ဖက်တစ်ချက်အား သွန်းလောင်းထားခြင်း၊ အစုန် RBE ခရီးစဉ်တွင် ဝက်လက်ဘူတာနှင့် သာလှိုင်းဘူတာကြား တွင် ခဲအိတ် (၃)အိတ်ဖြင့် သံလမ်းပေါ် ဘေးတစ်ဖက်တစ်ချက်တွင် တင်ဆောင် ပိတ်ဆို့ထားခြင်းနှင့် အင်္ဂတေ ပြန်လည်လောင်းရန် ရည်ရွယ်ချက်ဖြင့်  သံလမ်းပေါ်တွင် ကျောက်ခဲ(၂)ပုံ စုပုံထားခြင်းများ စသည်တို့ကို ကြုံတွေ့ခဲ့ရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများက ဝိုင်းဝန်း ဖယ်ရှား ရှင်းလင်း ဆောင်ရွက်ပေးခဲ့သဖြင့် ရထားသည် ခရီးဆုံးဘူတာသို့ အောင်မြင်စွာ ပြေးဆွဲနိုင်ခဲ့ပါသည်။

ထိုသို့ မသမာသူ အကြမ်းဖက်သမားများ၏ လုပ်ရပ်များနှင့် နှောက်ယှက် ဖျက်ဆီးမှု များအတွက် မြန်မာ့မီးရထားမှ သက်ဆိုင်ရာ နယ်မြေရဲစခန်း၌ ဥပဒေနှင့်အညီ အမှုဖွင့်လှစ်၍ အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် မန္တလေး-ရွှေဘိုခရီးစဉ်၊ အင်းစိန်-ဉက္ကံ ခရီးစဉ်များကို မြန်မာ့မီးရထားက နေ့စဉ် ပုံမှန် ပြန်လည်ပြေးဆွဲနိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိပါကြောင်း သတင်းရရှိပါသည်။

မြန်မာ့မီးရထား