နေပြည်တော်၊ ဒီဇင်ဘာ ၂၁
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးရှိ ပုဂံ - ညောင်ဦး လေဆိပ်သို့ရောက်ရှိခဲ့ကာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကိုလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများကကြိုဆိုပြီး ပုဂံ-ညောင်ဦးလေဆိပ်အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအားအဆင့်လိုက် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် အဆင့်မြှင့်တင်ရေးလုပ်ငန်းများဖြစ်သည့် လေယာဉ်ပြေးလမ်းဘေးနှစ်ဖက်သို့ ၂၅ ပေစီ တိုးချဲ့ခြင်း၊ တိုးချဲ့ပြီးလေယာဉ်ပြေးလမ်းနှင့် မူလလေယာဉ်ပြေးလမ်းအား နိုင်လွန်ကတ္တရာခင်းခြင်းဆောင်ရွက်နေမှုနှင့် လေယာဉ်ရပ်နားရန်နေရာ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းများကို ရေးဆွဲထားသည့် အချိန်ဇယားအတိုင်းဆောင်ရွက်နိုင်ရေး ၊ ဘေးအန္တရာယ်ကင်းရှင်းရေး ၊ အရည်အသွေး ပြည့်မီစွာဆောင်ရွက်နိုင်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ခရီးသည်နားနေဆောင်၊ မြန်မာမှုအနုလက်ရာများ ပြုပြင်မွမ်းမံမှု၊ လေဆိပ်ရှိရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ခရီးသည်များအား ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးအပ်နိုင်ရေး စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားကာ ဝန်ထမ်းများအား စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ကြောင်းသတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

