ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ငမိုးရိပ်ချောင်း ရေစီးရေလာကောင်းမွန်ရေး၊ ရေကြီးရေလျှံမှုလျော့ချရေး သောင်တူးလုပ်ငန်း ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ နိုဝင်ဘာ ၂၃

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ် အမှတ်(၁၀/၁၁)ရပ်ကွက်ရှိ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီးရုံးက ဆောင်ရွက်လျက်ရှိသော ငမိုးရိပ်ချောင်းသောင်တူးလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီးသည် သောင်တူးသင်္ဘောကြီးများဖြင့် လုပ်ငန်းဆောင်ရွက်မှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများ သတ်မှတ်အချိန်အတွင်း ပြီးစီးနိုင်ရေး၊ သောင်တူးဖော်ခြင်းကြောင့် ကမ်းပြိုကမ်းစားမှုများ မဖြစ်ပွား‌စေရေး၊ လုပ်ငန်းခွင်အန္တရာယ် မဖြစ်စေရေး(Safety First)ဂရုစိုက် ဆောင်ရွက်ကြရန်  မှာကြားသည်။

၂၀၂၃ခုနှစ်၊ အောက်တိုဘာလ လဆန်းတွင် မိုးရွာသွန်းမှု များပြားခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ (မြောက်ပိုင်း)မြို့နယ်များ၊ မြောက်ဥက္ကလာပမြို့နယ် နှင့် တောင်ဥက္ကလာပမြို့နယ်တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သဖြင့် ရေကြီးရေလျှံမှု လျော့နည်းသက်သာ စေရေးအတွက်  ငမိုးရိပ်ချောင်း သောင်တူးဖော်ခြင်းလုပ်ငန်းကို ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်း၍  ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်မှ စတင်ဆောင်ရွက်လျက်ရှိသည်။

ငမိုးရိပ်ချောင်း ရေကြီးရေလျှံမှုလျော့နည်းစေရေး သောင်တူးခြင်းလုပ်ငန်းကို ငမိုးရိပ်ရေထိန်းတံခါးမှ ငမိုးရိပ်ချောင်းဆုံအထိ အလျား ပေ၂၃၀၀ နှင့် ငမိုးရိပ်ချောင်းအတွင်း အလျား ပေ ၁၀၀၀၀ ကို ဆည်မြောင်းနှင့်ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးက ဆောင်ရွက်လျက်ရှိပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွှေပေါက္ကံတံတားမှ အထက်ဘက် စုစုပေါင်းအလျား ပေ ၂၅၀၀၀ ၊ အောက်ခြေအကျယ် ပေ ၁၀၀ ၊ တူးဖော်မည့်ပမာဏ ၆၇၂၇၁၀ ကုဗမီတာကို နိုင်ငံတော်ပိုင် သောင်တူးသင်္ဘောကြီး နှစ်စင်းဖြင့် နိုဝင်ဘာ ၁၂ ရက်မှစ၍  တူးဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ အလျား ပေ ၁၂၅၀ ခန့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန