ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦးမှ (၉)ကြိမ်မြောက် စင်္ကာပူဆိုက်ဘာပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာအသင်း၏ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေး

(၁၈-၉-၂၀၁၈)ရက်နေ့တွင် စင်္ကာပူနိုင်ငံ၊ Suntec အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပပြုလုပ်သော (၉)ကြိမ်မြောက် စင်္ကာပူဆိုက်ဘာပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေကြသည့် မြန်မာအသင်း၏ ယှဉ်ပြိုင်နေမှုကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦးက လာရောက်​ကြည့်ရှုခဲ့ပြီး အားပေးစကား ပြောကြားခဲ့ပါသည်။

 

စင်္ကာပူဆိုက်ဘာပြိုင်ပွဲကို Singapore International Cyber Week (2018) နှင့်အတူ ပူးတွဲကျင်းပခဲ့ခြင်းဖြစ်ပြီး ယခု (၉)ကြိမ်မြောက်ပြိုင်ပွဲတွင် အာဆီယံနိုင်ငံများမှ တက္ကသိုလ်အသင်းများအား ပထမဆုံးအကြိမ်အဖြစ် ဖိတ်ခေါ်ယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်ပါသည်။ စင်္ကာပူဆိုက်ဘာပြိုင်ပွဲတွင် အာဆီယံ နိုင်ငံများဖြစ်ကြသော မြန်မာ၊ ဖိလစ်ပိုင်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနိုင်ငံများမှ အသင်း(၁)သင်းစီ၊ ဗီယက်နမ်နိုင်ငံမှ (၂)သင်း၊ စင်္ကာပူနိုင်ငံမှ (၂၈)သင်း၊ စုစုပေါင်း(၃၆)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။

 

ပြိုင်ပွဲကို နံနက်(၉)နာရီခွဲမှ ညနေ(၄)နာရီခွဲထိ (၇)နာရီကြာ ယှဉ်ပြိုင်ဖြေဆိုရခြင်းဖြစ်ပြီး ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်သော ကဏ္ဍ (၈)ခုဖြစ်သည့် Cryptography၊ Forensics၊ Packets၊ Problem Solving၊ Trivia၊ Binary Exploits၊ Reverse Engineering၊ Web နှင့်သက်ဆိုင်သော ပုစ္ဆာများကို ဖြေဆိုကြရပါသည်။ ပထမဆုကို စင်္ကာပူနိုင်ငံကိုယ်စားပြု NUS_Greyhats အသင်းကလည်းကောင်း၊ ဒုတိယဆုကို ဗီယက်နမ်နိုင်ငံကိုယ်စားပြု Vietnam-UIT.MeePwn အသင်းကလည်းကောင်း၊ တတိယဆုကို ထိုင်းနိုင်ငံကိုယ်စားပြု wizard_of_skn အသင်းကလည်းကောင်း ဆုအသီးသီးရရှိခဲ့ကြပြီး မြန်မာနိုင်ငံ ကိုယ်စားပြု “MM-L33ts” အသင်းက အဆင့် (၂၁)ကို ရရှိခဲ့ပါသည်။ ပထမဆုရရှိသော NUS_Greyhats အသင်းသည် အမေရိကန်နိုင်ငံတွင် ပြုလုပ်မည့် Black Hat USA 2019 ညီလာခံသို့ တက်ရောက်ခွင့် ရရှိမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။