ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ဌာနများကို ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ကြည့်ရှုစစ်ဆေး

၂၀၂၁ ခုနှစ်၊ ဧပြီလ (၂၉) ရက်

         ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း သည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါ၍ ဧပြီလ(၂၉)ရက်နေ့တွင် မိတ္ထီလာမြို့ရှိ ဗဟို ပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ခရိုင်ရုံး-မိတ္ထီလာ)၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန(ခရိုင်ရုံး-မိတ္ထီလာ)၊ ကုန်းလမ်းပို့ဆောင်ရေး(ကုန်စည်ဌာနခွဲ)နှင့် မြစ်ငယ်မြို့ရှိ ကုန်းတွင်းဆိပ်(Dry Port) နေရာများဖြစ်သော Kerry Mother Terminal and Logistics Limited ၊ Resource Group Logistics Co.Ltd တို့၏ လုပ်ငန်းဆောင်ရွက်နေမှု နေရာများနှင့် လူစီးတွဲနှင့်ကုန်တွဲစက်ရုံ(မြစ်ငယ်)သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

           ဌာနများသို့ ရောက်ရှိချိန်တွင် ပြည်ထောင်စုဝန်ကြီးသည် ဌာနအကြီးအကဲများ အရာထမ်း၊ အမှုထမ်းများဖြင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံချိန်တွင် ဌာနအကြီးအကဲများမှ ဌာန များ၏ ဆောင်ရွက်ဆဲနှင့်ဆက်လက်ဆောင်ရွက်မည့် တည်ဆောက်ရေးနှင့် စီမံကိန်း လုပ်ငန်း များ၊ ဝင်ငွေရရှိရေး ကြိုးပမ်းဆောင်ရွက်မှု၊ ဝန်ထမ်းသက်သာချောင်ချိရေးဆိုင်ရာ ဆောင်ရွက် ထားမှု အခြေအနေများ၊ လူစီးတွဲနှင့်ကုန်တွဲစက်ရုံ(မြစ်ငယ်)တွင် တွဲသစ်တည်ဆောက်ရေး လုပ်ငန်းများအား တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ပြီး ဌာနများမှ အရာထမ်းများနှင့်အမှုထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမတွင် ဝန်ကြီးဌာနလက်အောက်ရှိ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေး ကျောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြန်မာ့စာတိုက်လုပ်ငန်း၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနများမှ အရာထမ်း၊အမှုထမ်းများအား နံနက်ပိုင်းတွင်လည်းကောင်း၊ မြန်မာ့မီးရထား လူစီးတွဲနှင့်ကုန်တွဲစက်ရုံ(မြစ်ငယ်)မှ အရာထမ်း၊ အမှုထမ်းများအား မွန်းလွဲပိုင်းတွင် တွဲတည်ဆောက်ရေးစက်ရုံသစ်၊ ရှင်းလင်းဆောင်ခန်းမ၌လည်းကောင်း တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံချိန်များတွင် ပြီးခဲ့သည့် ရွေးကောက်ပွဲကာလ မဲစာရင်းအမှား အယွင်း များပြားလွန်းမှုများကြောင့် ရွေးကောက်ပွဲရလဒ်ကို ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက် ပေးခဲ့ခြင်းမရှိသည့်အတွက် နိုင်ငံတော်တာဝန်ကို ဝင်ရောက်ထိန်းသိမ်း ဆောင်ရွက်ပေးနိုင်ရေး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို ထုတ်ပြန်ပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဖွဲ့စည်းပြီး နိုင်ငံတော်တာဝန် ထိန်းသိမ်းမှုအပေါ် မကျေနပ်၍ အေးချမ်းစွာ ဆန္ဒပြနေရာမှ မသမာသူများ၏ သွေးထိုး လှုံ့ဆော်မှုများကြောင့် လူစုလူဝေးများဖြင့် ဆူပူဆန္ဒပြခြင်း၊ လူစုလူဝေးဖြင့် ဆူပူအကြမ်းဖက် ဆန္ဒပြခြင်း၊ ရရာလက်နက်များဖြင့် တိုက်ခိုက်ခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်း၊ အကြမ်းဖက်ရာတွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ အရပ်သား အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း တို့ကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့် ဆောင်ရွက်လာပြီး ဝန်ထမ်းများပါ CDM လှုပ်ရှားမှုများတွင် ပါဝင်လာအောင် သွေးထိုး လှုံ့ဆော်ဆောင်ရွက်ခဲ့သဖြင့် ဝန်ထမ်းများ CDM လှုပ်ရှားမှုများတွင် ပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း၊ အချို့ ဝန်ထမ်းများ ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆို ခံရကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့မှုကြောင့် အရေးယူခံခဲ့ရသည့် နိုင်ငံဝန်ထမ်းအချို့သည် ဆူပူအကြမ်းဖက်မှု များတွင် ပါဝင်ပတ်သက်ခဲ့မှု မရှိခဲ့သူများ အနေဖြင့် နိုင်ငံဝန်ထမ်းအဖြစ် ပြန်လည်တာဝန် ထမ်းဆောင်လိုပါက ဝန်ထမ်း၏ ယခင်တာဝန်ထမ်းဆောင်ခဲ့မှုအပေါ်ကျေနပ်ဖွယ်ရှိကြောင်း နှင့် ဆက်လက် တာဝန်ပေးအပ်ရန် သင့်တော်ကြောင်း သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး၏ ထောက်ခံချက်၊ ကာယကံရှင်၏ ဝန်ခံကတိပြုချက်၊ ဒေသအုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့် တရားစွဲအဖွဲ့အစည်းများ၏ သဘောထားမှတ်ချက်ထောက်ခံချက်များဖြင့် ရာဇဝတ်ကြောင်း အရ တရားစွဲထားမှုများကို ပြန်လည်ရုပ်သိမ်းပေးနိုင်ရေး သုံးသပ်ဆောင်ရွက်ရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် လမ်းညွှန်ပေးထားပြီးဖြစ်ကြောင်း၊ ဝန်ထမ်းပျက်ကွက်မှု များပြားသည့် ဌာနများအနေဖြင့် ဌာန၏ လုပ်ငန်းများ ရပ်တန့်သည်အထိ ဖြစ်ပွားခဲ့မှုအပေါ် ပြန်လည်သုံးသပ်ရန် လုပ်ငန်းများ ပုံမှန် လည်ပတ်နိုင်ရေး ဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ မိမိတို့သည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် မိမိဌာန၏ လုပ်ငန်းများ ရပ်တန့်မှု မဖြစ်စေရေး၊ လုပ်ငန်းများတိုးတက် အောင်မြင်စေရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် နိုင်ငံတော်အပေါ် သစ္စာစောင့်သိ၍ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း လမ်းညွှန် မှာကြားခဲ့ ပါသည်။

           ပြည်ထောင်စုဝန်ကြီးသည် ဌာနများကို ကြည့်ရှုစစ်ဆေးချိန်တွင် ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းဝန်းအတွင်းရှိ သင်ကြားမှုအထောက်အကူပစ္စည်းဖြစ်သော ရေနွေးငွေ့စက်ခေါင်း၊ သင်တန်းသားများစားရိပ်သာ၊ သင်တန်းသားအိပ်ဆောင်များ၊ Driving Simulator၊ စာသင်ခန်းများ၊ ရထားသင်တန်းအထောက်အကူပြု သရုပ်ပြဆောင်၊ မော်တော်ယာဉ်သင်တန်း အထောက်အကူပြု သရုပ်ပြဆောင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများအား လှည့်လည် ကြည့်ရှုခြင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ခရိုင်ရုံး-မိတ္ထီလာ)၏ မော်တော် ယာဉ် စစ်ဆေးခြင်း စက်ကိရိယာများနှင့် ရုံးအဆောက်အဦကြည့်ရှုစစ်ဆေးခြင်း၊ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန(ခရိုင်ရုံး-မိတ္ထီလာ)၏ ရုံးအဆောက်အဦကို ကြည့်ရှုစစ်ဆေးခြင်း၊ ကုန်းလမ်းပို့ဆောင်ရေး (ကုန်စည်ဌာနခွဲ-မိတ္ထီလာ) ၏ ယာဉ်မောင်းသင်တန်းကျောင်းနေရာကို ကြည့်ရှု စစ်ဆေးခြင်း၊ မြစ်ငယ်မြို့ရှိ ကုန်းတွင်းဆိပ်(Dry Port)နှင့် ဆက်စပ်လုပ်ငန်းများကို ကြည့်ရှု စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ရာတွင် တာဝန်ရှိသူများက လိုက်လံပြသခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန