ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် Myanmar Cyber Security Challenge (2019) ပြိုင်ပွဲကျင်းပ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် သည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် Myanmar Cyber Security Challenge (2019) ပြိုင်ပွဲသို့တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါ ပြိုင်ပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသာဦး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ စပွန်ဆာ ပံ့ပိုးကူညီပေးသူများ၊ အကဲဖြတ်ဒိုင်များနှင့် ပြိုင်ပွဲဝင်များ စုစုပေါင်း (၁၃၀) ခန့် တက်ရောက်ခဲ့ကြပါသည်။ 
ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်မှ စ၍ နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူငယ်များအကြား ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပြန့်ပွားစေရန်နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သက်မွေးဝမ်းကျောင်းမှု အခွင့်အလမ်းများ တိုးတက်လာစေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ရာ တက္ကသိုလ်၊ ကောလိပ်များမှ ပြိုင်ပွဲဝင် အသင်းပေါင်း (၂၀) ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပါသည်။
ပ​ြိုင်ပွဲတွင် ပထမဆုကို Team 0xpwn မှလည်းကောင်း၊ ဒုတိယဆုကို Team Hera မှလည်းကောင်း၊ တတိယဆုကို W.A.B (MGY) မှလည်းကောင်း အသီးသီးရရှိခဲ့ကြပြီး ပထမဆုအဖြစ် (၁၅) သိန်းကျပ်နှင့် Core i5 Laptop ကွန်ပျူတာ (၁)လုံး၊ ဒုတိယဆုအဖြစ် (၁၀) သိန်းကျပ်နှင့် စမတ်ဖုန်း(၁)လုံး၊ တတိယဆုအဖြစ် (၇)သိန်းကျပ်နှင့် တက်ဘလက် (၁)လုံး တို့ကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦးမှ ဆုချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။