ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန(ဆက်သွယ်ရေးကဏ္ဍ) အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) နည်းပညာဆင့်ပွားသင်တန်းကျင်းပ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန (ဆက်သွယ်ရေးကဏ္ဍ) အဂတိလိုက်စားမှုတားဆီးကာကွယ် ရေးအဖွဲ့ (Corruption Prevention Unit - CPU) နည်းပညာဆင့်ပွားသင်တန်းကို ၂၀၁၉ခုနှစ်၊ မတ်လ (၇) ရက်နေ့တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂)  အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အဆိုပါသင်တန်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် (ဆက်သွယ်ရေး) ဦးစိုးသိန်းမှ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ရာ အဂတိလိုက်စားမှုသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၊ လူနေမှုအဆင့်အတန်းမြင့်မားရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဝင်ရောက်လာရေး စသည့်နယ်ပယ်များစွာကို ထိခိုက်မှုရှိစေနိုင်ပါကြောင်း၊ ယခုသင်တန်းသို့ တက်ရောက်လာ သော သင်တန်းသားကိုယ်စားလှယ်များအနေဖြင့် သင်တန်းမှရရှိလာသည့် အဂတိလိုက်စားမှု တားဆီးကာကွယ် ရေးနှင့် စပ်လျဉ်းသော အသိပညာ သဘောတရားများကို မိမိတို့ဝန်ထမ်းများအားလည်း ပြန်လည်ဆင့်ပွားမျှဝေ သင်တန်းပို့ချပေးရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးဟန်ညွန့််     တက်ရောက်ပြီး “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် နိုင်ငံဝန်ထမ်းများ၏အခန်းကဏ္ဍ”ခေါင်းစဉ်ဖြင့် အကျယ် တဝင့်ဆွေးနွေးပို့ချခဲ့ရာ တက်ရောက်လာကြသည့် သင်တန်းသားကိုယ်စားလှယ်များမှ သိရှိလိုသည်များကို ရင်းနှီး ပွင့်လင်းစွာ မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ သင်တန်းသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန      (ဆက်သွယ်ရေး) ပြည်ထောင်စုဝန်ကြီးရုံး၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ သတင်းအချက်အလက်နည်း ပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနအပါအဝင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် မြန်မာ့စာတိုက်လုပ်ငန်း ပြည်နယ်/ တိုင်းဒေသကြီး အသီးသီးတို့မှ သင်တန်းသားကိုယ်စားလှယ်စုစုပေါင်း (၆၀) ဦးခန့် တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။