နိုင်ငံပိုင်ဂြိုလ်တုစနစ်တည်ထောင်နိုင်ရေး အဆင့် ( ၃ ) ဆင့် ဆောင်ရွက်လျှက်ရှိကြောင်း ဒုတိယသမ္မတဦးမြင့်ဆွေပြောကြား

နေပြည်တော်၊ ဧပြီ ၁၂

မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီ၏ ပဉ္စမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံပိုင်ဂြိဟ်တုစနစ်တည်ထောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးဆောင်ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဦးကျော်တင့်ဆွေ၊ ဦးအုန်းဝင်း၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဦးစိုးဝင်းနှင့်ဦးကျော်တင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်အောင်သူ၊ ဦးသာဦး နှင့် ဦးဝင်းမော်ထွန်း၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်း အတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယနေ့ကျင်းပသည့် အစည်းအဝေးသည် မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီ၏ ပဉ္စမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ နိုင်ငံတော်ပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေးအတွက် မူဝါဒများ ချမှတ်ပြီး လမ်းညွှန်ကြီးကြပ်ကွပ်ကဲနိုင်ရန်အတွက် “မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီ” ကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်၊ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၇/၂၀၁၇ ဖြင့် အဖွဲ့ဝင် (၁၃)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန်(၇)ရပ် ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။

ယခင်ကျင်းပခဲ့သည့် မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄)ကြိမ်တွင် အစည်းအဝေးဆုံးဖြတ်ချက်စုစုပေါင်း (၁၉)ချက်ရှိခဲ့ပြီး အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်များတွင် ဆောင်ရွက်ပြီးစီးမှု (၁၂)ချက်နှင့် ဆောင်ရွက်ဆဲ(၇)ချက် ရှိသည်ကို တွေ့ရပါကြောင်း၊ အဆိုပါ ဆောင်ရွက်ဆဲ (၇)ချက်မှာ အချိန်ယူဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများဖြစ်သည့်အတွက် အမြန်ပြီးပြတ်အောင် အချိန်ကာလသတ်မှတ်၍ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အချိန်ယူဆောင်ရွက်ရမည့်လုပ်ငန်းအနေဖြင့် Space Agency ထူထောင်နိုင်ရေး ပြင်ဆင်ရန်နှင့် Space Law များ စုဆောင်းပြင်ဆင်ထားရန် တို့ဖြစ်ပါကြောင်း၊ အဆိုပါ အချက်များထဲမှ EOS ( Earth Observation Micro-Satellite) ကိုယ်ပိုင် ဂြိုလ်တု လွှတ်တင်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်အချက်မှာ ဦးစားပေးဆောင်ရွက်ရမည့်အချက် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီကို အထောက်အပံ့ ဖြစ်စေရန်နှင့် လုပ်ငန်းများ လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်တည်ထောင်ရေး လုပ်ငန်းကော်မတီတစ်ခုနှင့် ဆပ်ကော်မတီ(၄)ခု ကို ဖွဲ့စည်းခဲ့ပြီး သတ်မှတ်ထားသည့် လုပ်ငန်းတာဝန်များကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရပါကြောင်း၊ အဆိုပါဆပ်ကော်မတီ(၄)ခုမှာ “မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်ဆိုင်ရာ နည်းပညာဆပ်ကော်မတီ၊ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်ဆိုင်ရာ ဥပဒေရေးရာနှင့် လုပ်ထုံးလုပ်နည်းဆပ်ကော်မတီ၊ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုထရန်စပွန်ဒါငှားရမ်းရေး ဆပ်ကော်မတီနှင့် မြန်မာနိုင်ငံပိုင် အနိမ့်ပျံဂြိုဟ်တုလွှတ်တင်ရေး ဆပ်ကော်မတီ” တို့ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်နိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဆင့်(၃)ဆင့်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပထမအဆင့်အနေဖြင့် အခြားနိုင်ငံကပိုင်သည့် ဂြိုဟ်တုထရန်စပွန်ဒါကို ငှားရမ်းကာ ငွေပေးချေသည့်စနစ်ဖြစ်ပြီး လက်ရှိတွင် MyanmarSat-1 ကို ငှားရမ်းအသုံးပြုဆောင်ရွက်လျက်ရှိပါကြောင်း။

ဒုတိယအဆင့်သည် အချိုးကျပူးတွဲပိုင်ဆိုင်သည့်စနစ်ဖြစ်ပြီး ၎င်းစနစ်ကို အကောင်အထည် ဖော်နိုင်ရေးအတွက် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန နှင့် Intelsat Global Sales & Marketing Limited တို့ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ ပါကြောင်း၊ အဆိုပါစာချုပ်အရ ကုန်ကျမည့်ငွေ စုစုပေါင်းအမေရိကန် ဒေါ်လာ ၁၅၅ ဒသမ ၇ သန်း ဖြစ်ပြီး အဆိုပါငွေပမာဏ၏ ၃၀ ရာခိုင်နှုန်းကို ၂၀၁၈ ခုနှစ်၊ ၆ လ ဘတ်ဂျက်တွင် နှစ်ကြိမ် ပေးချေခဲ့ပြီးဖြစ်ပါကြောင်း၊ ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ၅၀ ရာခိုင်နှုန်းကို လေးကြိမ်ခွဲ၍ ပေးချေဆောင်ရွက်နေပါကြောင်း၊ လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နောက်ဆုံးကျန်ရှိ သည့် ၂၀ ရာခိုင်နှုန်းကို နှစ်ကြိမ်ခွဲပြီး ပေးချေရမည်ဖြစ်ပါကြောင်း၊ အချိုးကျ ပူးတွဲပိုင်ဆိုင်မည့် MyanmarSat - 2 ဂြိုဟ်တုကို ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် အာကာသထဲသို့ လွှတ်တင်မည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလလယ်ခန့်တွင် နည်းပညာအသစ်များနှင့် စတင်အသုံးပြုနိုင်မည်ဖြစ် ပါကြောင်း၊ ထို့အပြင် လက်ရှိအသုံးပြုနေသည့် MyanmarSat-1 မှ လိုင်းအင်အားများကို MyanmarSat-2 အပေါ်သို့ ပြောင်းရွှေ့အသုံးပြုချိန်မှစ၍ MyanmarSat-1 အတွက် ငှားရမ်းခ ငွေပေးချေရန် မလိုတော့ပါကြောင်း၊ အဆိုပါဂြိုဟ်တုသည် မြန်မာနိုင်ငံအနေဖြင့် အသုံးပြု နိုင်သည့် C-Band လိုင်းအင်အား ၄၃၂ MHz နှင့် Ku-Band လိုင်း အင်အား ၄၃၂ MHz တို့ကို အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ဂြိုဟ်တု Channel ငှားရမ်းခ နိုင်ငံခြားငွေပေးချေမှု သက်သာစေရန်နှင့် ပညာရေး၊ ကျန်းမာရေးနှင့် အခြားကဏ္ဍ များတွင် အကျိုးရှိစွာ အသုံးပြုနိုင်စေရန် လိုအပ်ပါကြောင်း။

တတိယအဆင့်အနေဖြင့် မြန်မာနိုင်ငံက အလုံးစုံပိုင်ဆိုင်သည့် ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ရန်ဖြစ်ပါကြောင်း၊ ၎င်းအဆင့်ကို နည်းပညာအတွေ့အကြုံများ ကြွယ်ဝပြီး ကိုယ်ပိုင် ထိန်းချုပ်နိုင်သည့်အချိန်၊ အသုံးပြုမည့် လိုင်းအင်အား ပိုမိုများပြားလာသည့်အချိန်တို့တွင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ပါက ကုန်ကျစရိတ်များပြား သည့်အတွက် ကုန်ကျစရိတ်သက်သာပြီး နည်းပညာအတွေ့အကြုံများ ရရှိစေရန်နှင့် နိုင်ငံအတွက် လိုအပ်နေသည့် ဝန်ဆောင်မှုများကို ရရှိနိုင်စေရန်အတွက် EOS ( Earth Observation Micro-Satellite) အမျိုးအစားဂြိုဟ်တုကို တည်ဆောက်ပြီး လွှတ်တင်နိုင်ရေးကို ဦးစားပေးဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ၎င်းဂြိုဟ်တု တည်ဆောက်ပြီး လွှတ်တင် နိုင်ရေးအတွက် ဂျပန်နိုင်ငံ Hokkaido တက္ကသိုလ်က ကမ်းလှမ်းခဲ့ပြီး အဆိုပါဂြိုဟ်တုတွင် တပ်ဆင်အသုံးပြုမည့်စက်ပစ္စည်းများကိုလည်း သတ်မှတ်ပြီးပြီဟု သိရှိရပါကြောင်း၊ ကုန်ကျမည့် ငွေကို ခန့်မှန်းတွက်ချက်ကာ ဆောလျင်စွာ တည်ဆောက်လွှတ်တင်နိုင်ရေး ကြိုးစား ဆောင်ရွက်ကြရန် ပြောကြားလိုပါကြောင်း။

Space Agency ထူထောင်နိုင်ရေးအတွက် Space Law များ စုဆောင်းပြင်ဆင်ထားရန်၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ကြိုတင်ပြင်ဆင်ရမည့် ကဏ္ဍများ၊ ပူးပေါင်း ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ တွေ့ကြုံနေရသည့် အခက်အခဲများနဲ့ လိုအပ်သည့် အကြံပြုချက် များကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေး ပေးကြရန် ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်ရေးလုပ်ငန်း ကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အနိမ့်ပျံဂြိုဟ်တု လွှတ်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဦးဆောင်ကော်မတီ အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဦးဆောင်ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးကျော်တင့်ဆွေ၊ ဦးအုန်းဝင်း၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဦးစိုးဝင်း၊ ဦးကျော်တင်တို့ကလည်းကောင်း၊ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်ရေးလုပ်ငန်း ကော်မတီဝင် ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးသာဦး၊ ဦးဝင်းမော်ထွန်းတို့ကလည်းကောင်း၊ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်ဆိုင်ရာ နည်းပညာဆပ်ကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလေကြောင်း နှင့် အာကာသပညာတက္ကသိုလ် ပါမောက္ခချုပ် ဦးကြည်လွင်၊ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် ဆိုင်ရာ ဥပဒေရေးရာနှင့် လုပ်ထုံးလုပ်နည်းဆပ်ကော်မတီ ဥက္ကဋ္ဌ ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်သီတာဦး၊ ဆပ်ကော်မတီဝင်များနှင့် တာဝန်ရှိသူများက ဂြိုဟ်တုလွှတ်တင်မည့် အစီအစဉ်များ၊ ဘတ်ဂျက်သုံးစွဲမှုဆိုင်ရာကိစ္စများ၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုမည့်အစီအစဉ်များ၊ ဘာသာရပ်၊ ကျွမ်းကျင်မှု၊ ဥပဒေဆိုင်ရာကိစ္စရပ်များနှင့် ရေရှည်စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည့်အစီအမံများ စသည် တို့ကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ က ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းလိုက်သည်။