နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများကို လေယာဉ်မှူးကြီးနှင့် လေယာဉ်အဖွဲ့သားများထံ ပေးအပ်ချီးမြှင့်

နေပြည်တော် မေ ၁၆

ထူးချွန်စွာ တာဝန်ထမ်းဆောင်ခဲ့ကြသော မြန်မာအမျိုးသား လေကြောင်း (Myanmar National Airlines-MNA) မှ လေယာဉ်မှူးကြီးနှင့် လေယာဉ်အဖွဲ့သားများ အား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ Horizon Lake View Resort ၌ ကျင်းပသည်။

လေယာဉ်အမှုထမ်း ခုနစ်ဦးနှင့် ခရီးသည် ၈၂ ဦး ပါဝင်သော မြန်မာ အမျိုးသားလေကြောင်းလိုင်းမှ လေယာဉ် အမှတ်(XY-AGQ ၊ Embraer 190) ခရီးသည်တင် လေယာဉ်၊ ခရီးစဉ်အမှတ် (ယူဘီ-၁၀၃) သည် မေ ၁၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်မှ မန္တလေးသို့ ပျံသန်းလာရာ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်းတွင် Nose Landing Gear ချမရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သော်လည်း တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ လေယာဉ်ပျက်စီးဆုံးရှုံးမှု အနည်းငယ်ဖြင့် မြေပြင်သို့ အန္တရာယ်ကင်းရှင်းစွာ ဆင်းသက်နိုင်ခဲ့သောကြောင့် ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်သည်။

ဂုဏ်ပြုပွဲအခမ်းအနားသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးနှင့် တာဝန်ရှိသူများ၊ အဆိုပါခရီးစဉ်တွင် လိုက်ပါခဲ့သည့် ခရီးသည်အချို့တို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်စား ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ယူဘီ-၁၀၃ ခရီးစဉ်တွင် အရေးပေါ်ဖြစ်စဉ် ဖြစ်ပွားခဲ့သော်လည်း လေယာဉ်မှူး ကြီးနှင့် လေယာဉ်အဖွဲ့သားများသည် ခရီးသည်များကို တစ်စုံတစ်ရာ ထိခိုက်မှု မရှိစေဘဲ အန္တရာယ်ကင်းရှင်းစွာ ဆင်းသက်နိုင်အောင် ဆောင်ရွက်နိုင်ခဲ့သည့် အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဂုဏ်ပြုမှတ်တမ်းလွှာ လက်မှတ်ရေးထိုး ဂုဏ်ပြု ချီးမြှင့်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

အလားတူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်ကလည်း လေယာဉ်မှူးကြီးသည် တည်ငြိမ်အေးချမ်းစွာ ဆုံးဖြတ်ချက် မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ခဲ့ပြီး ထိုသို့ လေယာဉ်မှူးကြီး၏ ဆုံးဖြတ်မှုအပေါ် လေယာဉ်အဖွဲ့သားများက တည်ငြိမ်စနစ်ကျစွာ လိုက်ပါဆောင်ရွက်ခဲ့မှုကြောင့် ခရီးသည်များ ဘေးအန္တရာယ် ကင်းရှင်းကာ လေယာဉ် ထိခိုက်ဆုံးရှုံးမှု အနည်းငယ်သာ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ အရေးပေါ်ဖြစ်စဉ်ဖြစ်ပေါ်ခဲ့သော်လည်း ခရီးသည်များအနေဖြင့် လေယာဉ်မှူးကြီးနှင့် လေယာဉ်အဖွဲ့သားများ၏ လမ်းညွှန် အကြံပြုမှုများကို ယုံကြည်စွာ လိုက်ပါဆောင်ရွက်ခဲ့သည့်အတွက်ကြောင့်လည်း ယခုကဲ့သို့  ဘေးအန္တရာယ် ကင်းရှင်း စွာ ဆင်းသက်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်း လွှာကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ က လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်၊ တွဲဖက် လေယာဉ်မှူး ဦးကောင်းဆက်လင်းနှင့် ဦးမျိုးသီဟအောင်၊ အကြီးတန်း လေယာဉ်မယ် ဒေါ်ချယ်ရီမြင့်၊ လေယာဉ်မယ် ဒေါ်ကေဂျာဆန်အောင်၊ ဒေါ်ခိုင်ဇာလင်းနှင့် ဒေါ်ဥမ္မာ အောင်တို့ထံ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ဦးကျော်မျိုး၊ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းနှင့် မြန်မာအမျိုးသားလေကြောင်း အမှုဆောင်အရာရှိချုပ် ဦးသန်းထွန်းတို့က လေယာဉ်မှူး ကြီးနှင့် လေယာဉ်အဖွဲ့သားများအား ဂုဏ်ပြု အမှတ်တရလက်ဆောင်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဝန်ဆောင်မှုကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးထွန်းမြင့်နိုင် က လေယာဉ်မှူးကြီးနှင့် လေယာဉ်အဖွဲ့သားများအတွက် ချီးမြှင့်သည့် ဂုဏ်ပြုဆုငွေကို လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်ထံ ပေးအပ်ချီးမြှင့်ခဲ့ပြီး လေယာဉ်အဖွဲ့သားများ ကိုယ်စား  ဦးမြတ်မိုးအောင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ (သတင်းစဉ်)