နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် e-Government ဦးဆောင်ကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

ဖေဖော်ဝါရီ ၂၇

e-Government ဦးဆောင်ကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ e-Government ဦးဆောင်ကော်မတီ နာယက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ဦးဆောင်ကော်မတီနာယက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် သတ်မှတ်ထားသည့် စီးပွားရေးရည်ရွယ် ချက် ၁၂ ရပ်ထဲတွင် e-Government ကိစ္စပါဝင်ပါကြောင်း၊ ၎င်းတို့မှာ Data ID Card System ၊ Digital Government Strategy နှင့် e-Government System ထူထောင်ရန် ဖြစ်ပါကြောင်း၊ ထိုသို့ ထူထောင်ခြင်းအားဖြင့် မိမိတို့နိုင်ငံသည် တိုးတက်နေသည့် ကမ္ဘာကြီးထဲသို့ ဝင်လာရုံတင်မကဘဲ မိမိတို့ရင်ဆိုင်နေရသည့် ပြဿနာများအတွက်ပါ ကျော်လွှား နိုင်မည့် အခွင့်အရေးများ ရရှိနိုင်ပါကြောင်း၊ ထို့ကြောင့် e-Government စနစ်ကို အမြန်ဆုံး ထူထောင်ရန် အလွန်အရေးကြီးပါကြောင်း။
ယခုဆိုလျှင် လုပ်ငန်းကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် လုပ်ငန်းများကို သွက်သွက်လက်လက် အရှိန်အဟုန်ဖြင့် ရှေ့ကိုဆက်တက်နိုင်မည်ဟု ထင်ပါကြောင်း၊ e-Government အတွက် အခြေခံကျသည့်ကိစ္စမှာ e-Government Integrated Data Center (e-GIDC) ဖြစ်ပါကြောင်း၊ ယင်းစီမံကိန်းနှင့်ပတ်သက်ပြီး အဘက်ဘက်က စဉ်းစားရပါကြောင်း၊ ယင်း Data Center တွင် ပြည်သူပြည်သားများနှင့်ပတ်သက်သည့်၊ သတင်းအချက်အလက်များနှင့် Data များ ရှိမည်ဖြစ်သည့်အတွက် လုံခြုံရေးသည် အရေးကြီးပါကြောင်း၊ ယနေ့ ဒီဂျစ်တယ်ခေတ်ကြီးတွင် ဆက်သွယ်ရေးစနစ်များ အင်မတန် တိုးတက်နေသည့် တစ်ချိန်တည်းတွင် စိန်ခေါ်မှုများသည်လည်း ပို၍များလာပါကြောင်း၊ ယင်းတိုးတက်မှုများကို အပြုသဘောဆောင်သည့် တိုးတက်မှုများဖြစ်အောင် အစဉ်တစိုက် ထိန်းသိမ်းသွားရမည်ဖြစ်ပါကြောင်း။
e-Government Master Plan တွင်ပါဝင်နေသည့် အစိုးရ၏ Electronic ဝန်ဆောင်မှုများကို ပြည်သူအားလုံးသိရှိနားလည်ရေးအတွက် မြန်မာဘာသာစကားဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ကွန်ပျူတာသုံး မြန်မာဘာသာစကားစနစ်ကို ပြုပြင်ရန်လိုအပ်ပါကြောင်း၊ ယခုအသုံးပြုနေသည့် Myanmar-3 Font ကိုမသုံးဘဲ International Standard Organization 10646 နှင့်ပိုမိုကိုက်ညီသည့် PyiDaungSu Font စနစ်နှင့် Keyboard ကိုအသုံးပြုရန် ဦးတည်ရမည်ဖြစ်ပါကြောင်း၊ နောင်တွင် တိုင်းရင်းသားဘာသာစကားများဖြင့်ပါ e-Government System ထိထိရောက်ရောက် သုံးနိုင်မည့် အခြေအနေကိုရောက်ရှိ မည်ဖြစ်သည့်အတွက် ယင်းစနစ်ကို အရေးတကြီးလုပ်ဆောင်ရန် လိုအပ်ပါကြောင်း။
မိမိတို့နိုင်ငံ၏ Tele Density မှာ ၁ဝဝ ရာခိုင်နှုန်းကျော်ရှိပြီး Internet အသုံးပြု မှုမှာ ၈ဝ ရာခိုင်နှုန်းကျော်ရှိပါကြောင်း၊ မိမိတို့နိုင်ငံရှိ ပြည်သူပြည်သားများသည် ခေတ်နှင့် အညီလိုက်၍ နည်းပညာများကိုအသုံးပြုနိုင်ပါကြောင်း၊ ထို့ကြောင့် မိမိတို့၏ စနစ်များသည် လည်း ခေတ်နှင့်အညီဖြစ်ရန် အရေးကြီးပါကြောင်း၊ Data Security ၊ Data Privacy ၊ Data Sharing စသည့် ကိစ္စရပ်များတွင် ပြည်သူပြည်သားများနှင့် နိုင်ငံ၏လုံခြုံမှုကို ကာကွယ်သည့်အနေဖြင့် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ Cyber Law and Policy အပေါ်တွင် အများပြည်သူ၏ သဘောထားများကိုတောင်းခံပြီး ပြည်တွင်းပြည်ပကအသိ ပညာရှင်များက ဝိုင်းဝန်းအကြံပြုနေသည်ဟု သိရပါကြောင်း၊ ယင်းအကြံပြုချက်များထဲမှ မိမိတို့နိုင်ငံအတွက် သင့်တော်သည့် အကောင်းဆုံးနည်းလမ်းများကို ရွေးချယ်ပြီး အနာဂတ်အတွက် ပြင်ဆင်သွားရမည်ဖြစ်ပါကြောင်း။
မိမိတို့လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီးပါကြောင်း၊ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ၊ သက်ဆိုင်ရာဌာနများ အချင်းချင်းပူးပေါင်းဆောင်ရွက်မှုရှိမှသာ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း၊ ဆက်သွယ်ရေးကဏ္ဍနှင့်ပတ်သက်ပြီး ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်ရယူပြီး လုပ်ငန်းဆောင်ရွက်နေသည့် မိုလ်ဘိုင်းအော်ပရေတာများနှင့်ကုမ္ပဏီ အသီးသီးကို ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန် ပြောကြား ထားပြီးဖြစ်ပါကြောင်း၊ အလုပ်လုပ်ရာတွင် လွယ်ကူအောင်ဆောင်ရွက်ပေးခြင်းသည် မိမိတို့နိုင်ငံတွင် ရင်းနှီးမြှုပ်နှံစေလို၍ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် စီးပွားရေးလုပ်ငန်း များတိုးတက်စေလို၍ ဖြစ်ပါကြောင်း၊ သို့သော် စည်းကမ်းရှိရမည် ဖြစ်ပါကြောင်း၊ တိုးတက်စေလိုသည်၊ ရင်းနှီးမြှုပ်နှံစေလိုသည်ဆိုသည့် စိတ်တစ်ခုတည်းဖြင့် “လုပ်ချင်တာလုပ်ပါ စေ”ဟု အားလုံးအလိုလိုက်နေပါက ရေတိုတွင် အကျိုးအမြတ်ရှိနိုင်သော်လည်း ရေရှည် တွင် ပြဿနာများစွာပေါ်လာနိုင်သည်ကို မိမိတို့အနေဖြင့်သတိပြုရန်အရေးကြီးပါကြောင်း။
ယခုလုပ်ငန်းများကိုအကောင်အထည်ဖော် ဆောင်ရွက်ရာတွင်တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်မှုသည် အဓိကကျပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းသည် မိမိတို့နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို အထိခိုက်ဆုံးကိစ္စတစ်ခုဖြစ် သည်ဟု အကြိမ်ကြိမ်ပြောကြားခဲ့ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အချင်းချင်းအ ကြားတွင် ပူးပေါင်းဆောင်ရွက်မှု ရှိရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ပြည်ထောင်စုအစိုးရအကြားတွင်လည်း ပူးပေါင်းဆောင်ရွက်မှု ရှိရမည်ကို သတိပေးလိုပါ ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု ရှိမှသာ မြန်မြန်ဆန်ဆန် တိုးတက်နိုင်မည်ဖြစ်ပါကြောင်း။
e-Government အကောင်အထည်ဖော်ရာတွင် ID ကတ်များသည် အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံ၏ ပြဿနာတစ်ချို့သည် ID စနစ် ရှိခြင်းအားဖြင့် များစွာသော ပြဿနာများကို ကျော်လွှားသွားနိုင်မည်ဖြစ်ပါကြောင်း၊ ယင်းကို သတိပြုစေလိုပါကြောင်း၊ ယင်းကို မြန်မြန်ဆန်ဆန် ဆောင်ရွက်စေလိုပါကြောင်း၊ e-Government စနစ် စတင် အသုံးပြုနေသည့်ဌာနများနှင့် မသုံးရသေးသည့် ဌာနများအကြားတွင် ဆွေးနွေးစေလိုပါကြောင်း၊ အသုံးပြုခြင်းအားဖြင့် မည်သည့်အကျိုးအမြတ်များရှိသည်၊ မည်သည့်အားနည်း ချက်များရှိသည်ကို အဓိကထား ဆွေးနွေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက နိုင်ငံတော် အစိုးရအနေဖြင့် e-Government စနစ်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်အတွက် e-Government ဦးဆောင်ကော်မတီကိုနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က နာယကအဖြစ်ဦးဆောင်၍ လုပ်ငန်းတာဝန်(၅)ရပ် ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ဦးဆောင်ကော်မတီ၏လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် e-Government အကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီနှင့် e-ID စနစ်လုပ်ငန်းကော်မတီကိုဖွဲ့စည်းပြီးe-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီအောက်တွင် ဆပ်ကော်မတီ (၈)ခု၊ e-ID စနစ်လုပ်ငန်းကော်မတီအောက်တွင် ဆပ်ကော်မတီ(၆)ခုနှင့် နေပြည်တော်/ တိုင်းဒေသ ကြီး/ ပြည်နယ်ဦးဆောင်ကြီးကြပ်မှုအဖွဲ့နှင့် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စုတို့တွင် လုပ်ငန်းအဖွဲ့အဆင့်ဆင့်ကို ဖွဲ့စည်းပြီး လုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။
ပထမအကြိမ်အစည်းအဝေးတွင် e-Government ဦးဆောင်ကော်မတီ နာယက က “e-Government စနစ် မြန်မြန်တိုးတက်အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဓိကကျသည့် အချက်(၃)ချက်ဖြစ်သည့် ကျွမ်းကျင်မှု၊ ရင်းနှီးမြုပ်နှံမှု နှင့် ပူးပေါင်းဆောင်ရွက်မှုတို့တွင် ပူးပေါင်းဆောင်ရွက်မှုအပိုင်းကို စတင်လုပ်ဆောင်ရန်နှင့် အစိုးရဌာနအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း” လမ်းညွှန်ခဲ့မှုအပေါ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။
ပထမအကြိမ်အစည်းအဝေးတွင် ဆုံးဖြတ်ချက်(၅)ချက်ချမှတ်ခဲ့ရာ ဆောင်ရွက်ပြီး စီးမှု(၂) ချက်ရှိခဲ့ပြီး ရေရှည်စဉ်ဆက်မပြတ်ဆောင်ရွက်ရမည့်ဆုံးဖြတ်ချက် (၃)ချက်အပေါ် အချိန်တစ်ခုသတ်မှတ်၍ ပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။
ဒုတိယအကြိမ်အစည်းအဝေးတွင် ဆုံးဖြတ်ချက်(၂၁)ချက်ချမှတ်ခဲ့ရာ (၅)ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ဆောင်ရွက်ဆဲ(၁၆)ချက် အပေါ်တွင် လည်းသက်ဆိုင်ရာဌာန၊ လုပ်ငန်းကော်မတီများ၊ ဆပ်ကော်မတီများကလည်း အမြန်ပြီးစီး ရေးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း။
ဆောင်ရွက်ဆဲလုပ်ငန်းများအနက် တစ်ခုဖြစ်သည့် ကိုရီးယားသမ္မတနိုင်ငံ Economic Development Cooperation Fund (EDCF) မှချေးငွေအမေရိကန်ဒေါ်လာ ၉၃ ဒသမ ၇၇၉ သန်းဖြင့် တည်ဆောက်မည့် e-Government Integrated Data Center (e-GIDC) အကောင်အထည်ဖော်နိုင်ရန်အတွက် အချိန်ကာလ ၃နှစ်ကျော်ခန့်ကြာမြင့် မည်ဟုသိရှိရပါကြောင်း၊ ချေးငွေရရှိရေးကိုလည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ e-Government စနစ်ကို အမြန်အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာနိုင်ငံအတွင်း ရှိ အဆင့်မီသည့် ပုဂ္ဂလိက Data Center တစ်ခုကိုငှားရမ်းအသုံးပြုနိုင်ရေး ပြင်ဆင်ဆောင် ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ငှားရမ်းအသုံးပြုနိုင်ရေးအတွက် “အဆင့်မီ ပုဂ္ဂလိက Data Center ငှားရမ်းနိုင်ရေးစိစစ်ရေးကော်မတီ” (၁)ခုကိုစနစ်တကျဖွဲ့စည်းပြီး ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ e-Government ဆောင်ရွက်ရာတွင် အဓိကအရေးကြီးသည်မှာ Data Center ဖြစ်ပါကြောင်း၊ ချေးငွေရရှိရန် စောင့်ဆိုင်းစဉ်ကာလအတွင်း ပြည်တွင်းတွင် အဆင့်မီသည့် Data Center ကို ငှားရမ်းသုံးစွဲပါက e-Government စနစ်ကိုအလျင် အမြန်အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါကြောင်း။
ထို့ပြင် ISO (International Standard Organization) 10646 ဖြင့် ကိုက်ညီ သည့် မြန်မာ Unicode ကိုစံစနစ်အဖြစ် "အမျိုးသားစံချိန်စံညွှန်းကောင်စီ"က၂ဝ၁၉ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်တွင် အမိန့်ကြော်ငြာစာအမှတ်၊ ၂၂/၂ဝ၁၉ ဖြင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တပြေးညီအသုံးပြုနိုင်ရေး လိုက်နာ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ (Information Technology)နှင့် ပတ်သက်ပြီး ဥပဒေ၊ နည်းဥပဒေများရေးဆွဲထုတ်ပြန်နိုင်ရန်အတွက် ကမ္ဘာ့ဘဏ်အကူ အညီဖြင့် ဆိုက်ဘာဥပဒေထွက်ရှိအောင် ဆောင်ရွက်နေခြင်းအပေါ် လိုအပ်သည်အကြံ ဉာဏ်များပေးကြစေလိုပါကြောင်း၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီတစ်ခုချင်းအနေဖြင့် လိုအပ်ချက်များ၊ အခက်အခဲများရှိပါက အခြားဆပ်ကော်မတီများဖြင့် ညှိနှိုင်းပူးပေါင်းပြီး အချိန်နှင့်တပြေးညီ တင်ပြပြီး ဆုံးဖြတ်ချက်ရယူကာ ဆောင်ရွက်သွားကြရန် လိုအပ်မည် ဖြစ်ပါကြောင်း။
eGovernment ဦးဆောင်ကော်မတီအနေဖြင့်လည်း လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်မှုအခြေအနေများကို နိုင်ငံတော်သမ္မတရုံးသို့ လစဉ်တင်ပြနေရသည့် အတွက်ဌာနဆိုင်ရာများ၊ လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများအနေဖြင့် e-Government လုပ်ငန်းများအား အလေးအနက်ထား ဆောင်ရွက်ကြပြီး တိုးတက်မှုအစီ ရင်ခံစာကို ဦးဆောင်ကော်မတီသို့ လစဉ်မပျက်မကွက် အချိန်မီပေးပို့တင်ပြသွားကြရန် တိုက်တွန်းပါကြောင်းပြောကြားသည်။
ယင်းနောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီးဦးသာဦးကe-Government ဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုများကိုရှင်းလင်းတင်ပြသည်။
ထို့နောက် သက်ဆိုင်ရာဌာနများနှင့် ဆပ်ကော်မတီမှ တာဝန်ရှိသူများက Radio Frequency Identification (RFID)စနစ်အသုံးပြုနိုင်ရေးကိစ္စ၊ နိုင်ငံတကာ Unicode စံ ISO 10646 ဖြင့် ကိုက်ညီသော PyiDaungSu Font စနစ်နှင့် Keyboard တို့ကိုအစိုးရရုံး ဌာနများ၌ လက်ရှိအသုံးပြုနေသော Myanmar3 Font နေရာတွင် အစားထိုးအသုံးပြုနိုင် ရေးကိစ္စ၊ နိုင်ငံတကာ Unicode စံ ISO 10646 ဖြင့် ကိုက်ညီသော မြန်မာ Unicode စနစ်ကို မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ရန်ဆောင်ရွက်မည့် Migration အစီအစဉ်၊ ဝန်ကြီး ဌာနများ၊ နိုင်ငံတော်အဖွဲ့အစည်းများအတွက် Domain Name နှင့် e-mail လိပ်စာ သတ်မှတ်နိုင်ရေးကိစ္စတို့ကို ရှင်းလင်းတင်ပြကြပြီး e-Government ဦးဆောင်ကော်မတီ ၏ ဆုံးဖြတ်ချက်ကိုရယူကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ဖိတ်ကြားထားသူများကe-Government လုပ်ငန်းစဉ်များကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ် ချက်များနှင့် အကြံပြုချက်များကို ဆွေးနွေးတင်ပြကြရာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် e-Government ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက နိဂုံးချုပ် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ e-Government ဦးဆောင်ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် နာယကဦးသောင်းတင်၊ အသိပညာရှင်၊ အတတ်ပညာ ရှင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။