နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း နှင့် အဖွဲ့သည် ရခိုင်ပြည်နယ် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် မူလမြိုင်ကြီးငူ ဆရာတော်ကြီးအား ရည်စူး၍ ဒုတိယမြိုင်ကြီးငူ ဆရာတော် ဘဒ္ဒန္တ ဉာဏိက အမှူးပြုသော ကရင်ပြည်နယ် နယ်ခြားစောင့်တပ်မိသားစုနှင့် မြိုင်ကြီးငူအထူးဒေသ မိသားစုများ၏ အလှူငွေ လှူဒါန်းပွဲသို့ တက်ရောက်၊ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNRCD)မှ ယာယီ ညှိနှိုင်းရေးမှူးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

စစ်တွေ   မေ  ၂၆                                       

မူလမြိုင်ကြီးငူ ဆရာတော်ကြီးအား ရည်စူး၍ ဒုတိယမြိုင်ကြီးငူ ဆရာတော် ဘဒ္ဒန္တ ဉာဏိက အမှူးပြုသော ကရင်ပြည်နယ် နယ်ခြားစောင့်တပ်မိသားစုနှင့် မြိုင်ကြီးငူအထူးဒေသ မိသားစုများက ရခိုင်ပြည်နယ် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အလှူငွေများကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ လာရောက်လှူဒါန်းကြသည်။

လှူဒါန်းပွဲသို့ ဒုတိယမြိုင်ကြီးငူ ဆရာတော် မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဉာဏိကနှင့် အောင်စေဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ အရှင်ပဝရသိဒ္ဓိတို့ ကြွရောက်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများ၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်မိသားစုနှင့် မြိုင်ကြီးငူအထူးဒေသ မိသားစုများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်မိသားစုနှင့် မြိုင်ကြီးငူအထူး ဒေသမိသားစုများ ကိုယ်စား တာဝန်ရှိသူများက အလှူငွေစုစုပေါင်း ငွေကျပ် သိန်း ၁၅၀၀ ကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး တို့က လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

ယင်းနောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့က ဆရာတော်များထံ နဝကမ္မအလှူငွေများ ဆက် ကပ်လှူဒါန်းကြသည်။

ထို့နောက် ဒုတိယမြိုင်ကြီးငူဆရာတော်က ဩဝါဒစကားမြွက်ကြားပြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ကျေးဇူးတင်စကား ပြန်လည်လျှောက်ထားသည်။

ဆက်လက်၍ ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် တို့သည် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNRCD)မှ ယာယီ ညှိနှိုင်းရေးမှူးနှင့်အဖွဲ့အား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဆိုင်ကလုံးမုန်တိုင်း မိုခါ တိုက်ခတ်ခဲ့မှုနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ၏ ကူညီထောက်ပံ့ရေး အစီအစဉ်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ် များကို ဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်တို့သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် ကော်မတီအလိုက် တာဝန်ရှိသူများက သဘာဝဘေးပြန်လည် ထူထောင်ရေးနှင့်စပ်လျဉ်းပြီး ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့်  ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြရာ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက လိုအပ်သည်များကို မှာကြား၍ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်း ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှုများပေးလျက်ရှိရာ ယနေ့ အထိ မြို့နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၌ ပြင်ပလူနာ ၄၈၇၆ ဦး၊ အတွင်းလူနာ ၉၀၁၆ ဦးနှင့် ပြင်ပလူနာဌာနများတွင် ပြသသည့် လူနာ ၁၉၉၃၄ ဦးအား ကုသစောင့်ရှောက်မှုပေးခဲ့ သည့်အပြင် ရေသန့်ဆေးခတ်ခြင်း ၂၁၂၃ ကြိမ်နှင့် ကျန်းမာရေးပညာပေးခြင်း ၁၆၉၄  ကြိမ်ဆောင်ရွက်ခဲ့သည်။

ထို့ပြင် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့နှင့် အထူးကုဆေးအဖွဲ့များဖြင့် ကွင်းဆင်း၍ ကုသမှု ပေးခဲ့သည့် လူနာအရေအတွက်မှာ သက္ကယ်ပြင်၌ ၅၈ ဦး၊ မင်းပြားမြို့နယ်၌ ၅၅၆ ဦး၊ ကျောက်တော်မြို့နယ်၌ ၄၇၃ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ၂၇၅ ဦး၊ ပေါက်တောမြို့နယ်၌ ၂၇၂ ဦး၊ မာန်အောင်မြို့နယ်၌ ၈၄၈ ဦး၊ ဘူးသီးတောင်မြို့နယ်၌ ၁၉၀ နှင့် မောင်တော မြို့နယ်၌ ၅၃၃ ဦး စုစုပေါင်း ၃၂၀၅ ဦးရှိသည်။

သာသနိက အဆောက်အဦများနှင့် ပတ်သက်၍လည်း မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းတိုက်များ နှင့် သီလရှင်ကျောင်းများအနက် ပထမအသုတ်အဖြစ် ကျောင်း ၁၀၀ အတွက် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့က ခွဲဝေပေးသည့် သွပ်အချပ်ရေ ၈၅၂၅ ချပ်၊ သွပ်မိုးသံ ၂၂၅ ပိဿာတို့ကို မေ ၂၅ ရက်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကျောင်းတိုက်များသို့ လှူဒါန်းပေးအပ်ခဲ့ပြီး ယနေ့တွင်လည်း ဘုန်းတော်ကြီးကျောင်း ၇၂ ကျောင်း အတွက် လိုအပ်သည့် သစ်ခွဲသား ၅၁ တန်ကို ထပ်မံ လှူဒါန်းခဲ့ကာ သွပ်၊ သွပ်မိုးသံနှင့် သစ်များထပ်မံ ရောက်ရှိမှုအပေါ် မူတည်၍ စဉ်ဆက်မပြတ် လှူဒါန်းထောက်ပံ့သွားမည် ဖြစ်သည်။

ထို့ပြင် ပြည်သူများ၏ ဖုန်းများ၊ အားသွင်းလျှပ်စစ်မီးများနှင့် အခြားအားသွင်း လျှပ်စစ်ပစ္စည်းများ အသုံးပြုနိုင်ရန်အတွက် Charging Point နေရာများကို ကားကြီးဝင်း အနီး ကျော်ဇံဆီဆိုင်အရှေ့၊ မီးစက်ကြီးအဝိုင်း၊ လေယာဉ်ကွင်းလမ်းဆုံ၊ လောကာနန္ဒာ ဘုရားကြီးအရှေ့၊ အစိုးရအဖွဲ့ရုံးရှေ့၊ ယဉ်ကျေးမှုပြတိုက်၊ ဘီလူးမတံတားထိပ်နှင့် မြို့နယ် အခွန်ရုံးရှေ့တို့တွင် စီစဉ်ဆောင်ရွက်ပေးထားရာ ပြည်သူများအဆင်ပြေစွာ လာရောက် အသုံးပြုလျက်ရှိကြောင်း သတင်းရရှိသည်။