နေပြည်တော်၊ ဇူလိုင် ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဒုတိယဝန်ကြီးဦးအောင်မြိုင်၊ ဝန်ကြီးဌာနနှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများလိုက်ပါ၍ ဇူလိုင်လ ၂၀ရက်နေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ဘူတာမှ Rail Bus Engine-RBE အထူးရထားဖြင့် ထွက်ခွာခဲ့ရာ ဦးစွာ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းရွာဘူတာသို့ ရောက်ရှိသည်။ ၎င်း၌ ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် ဘူတာအဆောက်အဦ ဖယ်ရှားရှင်းလင်းပြီးစီးမှု၊ ပြန်လည်တည်ဆောက်မည့် ဘူတာသစ်၏ ဒီဇိုင်းပုံစံနှင့် လက်ရှိ Modular Office တပ်ဆင်၍ ဘူတာအဖြစ် အသုံးပြုမှုအခြေအနေတို့ကို စစ်ဆေးလျက် လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာစည်ဘူတာသို့ ရောက်ရှိပြီး ဘူတာသစ်ကြီးတည်ဆောက်ရန် မြေနေရာရှင်းလင်းထားမှုအခြေအနေ၊ ဘူတာသစ်၏ ဒီဇိုင်းပုံစံတို့ကို စစ်ဆေးပြီးနောက် ဘူတာအင်္ဂါရပ်နှင့် ပြည့်စုံစေရေး၊ သန့်ရှင်းသပ်ရပ် လှပစေရေးတို့အတွက် လိုအပ်သည်များကို မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝမ်းတွင်းမြို့နယ်အတွင်း ယမန်နှစ်က ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည့် စမုံဘူတာနှင့် သပြေတောင်းဘူတာအကြားရှိ တံတားအမှတ် ၆၉၁ နေရာသို့ ရောက်ရှိကာ ရေလမ်းကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်ထားမှု အခြေအနေကို ကြည့်ရှုစစ်ဆေးလျက် ရေစီးရေလာ ပိုမိုကောင်းမွန်စေရေး ဆက်လက်ဆောင်ရွက်ရန် လိုအပ်ချက်များကို မှာကြားသည်။ ၎င်းနောက် သပြေတောင်းဘူတာ၌ ငလျင်ဒဏ်ခံ ဘူတာအဆောက်အဦဟောင်း ဖျက်သိမ်းပြီးစီးမှု၊ မြေနေရာရှင်းလင်းထားမှုနှင့် ဘူတာသစ်၏ ဒီဇိုင်းပုံစံ၊ Modular Office တပ်ဆင်၍ လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ကျောက်ဆည် ဘူတာသို့ ရောက်ရှိပြီး ဘူတာသစ်အတွက် မြေနေရာရှင်းလင်းထားမှုနှင့် ဒီဇိုင်းပုံစံသစ်တို့ကို စစ်ဆေး၍ ဘူတာသို့ အဝင်/အထွက်လမ်းများ သပ်ရပ်ရေး၊ ဘူတာမျက်နှာစာ သန့်ရှင်းသပ်ရပ်လှပရေး၊ ရထားစီးခရီးသည်များ အဆင်ပြေစွာ ရထားစောင့်ဆိုင်း နိုင်မည့်နေရာ လျာထားရေးတို့ကို မှာကြားသည်။
ညနေပိုင်းတွင် မန္တလေးဘူတာကြီးသို့ ဆိုက်ရောက်လာရာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အတူ ဘူတာကြီးယာဒ်ဝင်းအတွင်း ပျက်စီးသွားသည့် ရထားလမ်းခွဲရုံနှင့် Modular Office ဖြင့် ယာယီရထားလမ်းခွဲသည့် အချက်ပြစနစ် တပ်ဆင်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီးနောက် မူလလမ်းခွဲရုံးအား အမြန်ဆုံး အကြီးစားပြန်လည်ပြင်ဆင် တည်ဆောက်ပြီးစီးစေရေး လိုအပ်ချက်များကို မှာကြားသည်။
ဇူလိုင်လ ၂၁ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့မီးရထား ၏ လူစီးတွဲနှင့် ကုန်တွဲစက်ရုံ(မြစ်ငယ်)သို့ ရောက်ရှိလာပြီး ဦးစွာ တွဲသစ်ရုံအမှတ်-၃ ၌ စက်ရုံ၏ အထွေထွေမန်နေဂျာက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ကုန်သေတ္တာတင်တွဲများ တည်ဆောက်မှု အခြေအနေတို့အား တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ကျွမ်းကျင်ဝန်ထမ်းများ စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်ရေး၊ စက်ရုံ၏လုံခြုံရေး ပိုမိုကောင်းမွန်အောင်စီမံရေး၊ ဝန်ထမ်းများ ကျန်းမာရေး နှင့်သက်သာချောင်ချိရေးကိစ္စများ မှာကြားသည်။ ၎င်းနောက် စက်ရုံအတွင်း ကုန်သေတ္တာတင်တွဲများ တည်ဆောက်နေမှု၊ DEMU ရထားတွဲတစ်တွဲ စမ်းသပ်တည်ဆောက်နေမှု၊ လူစီးတွဲနှင့်ကုန်တွဲများ အကြီးတန်းပြင်ဆင်မှု၊ ဘီးဘိုဂီအသစ်များထုတ်လုပ်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးလျက် တွဲများ၏ သက်တမ်းအလိုက် ကြံ့ခိုင်မှုပိုမိုကောင်းမွန်စေရေး၊ ပြန်လည်အသုံးမပြုနိုင်တော့သည့် တွဲဘီးဟောင်းများအား စီမံခန့်ခွဲရေး လိုအပ်ချက်များကို မှာကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မြန်မာ့မီးရထား၏ ကုန်စည်ပို့ဆောင်ရေးဌာနခွဲဝင်းသို့ ရောက်ရှိလာပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၎င်းနယ်မြေအတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် အထပ်မြင့်အဆောက်အဦများပေါ်၌ တပ်ဆင်ခဲ့သော အော်တိုမိုလ်ဘိုင်းတယ်လီဖုန်းစခန်းများနေရာတွင် ရွှေ့လျားမိုလ်ဘိုင်းစခန်း တာဝါတိုင် အစားထိုးတပ်ဆင်ပေးထားမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီးနောက် ဝန်ထမ်းမိသားစုများ၏ နေထိုင်ရေး လိုအပ်ချက်ကို ဖြည့်ဆည်းပေးသည်။ ၎င်းနောက် အဆိုပါမြို့နယ်အတွင်းရှိ မြန်မာ့စာတိုက်လုပ်ငန်းရုံးသို့ သွားရောက်၍ ရုံးဝင်းအတွင်း အန္တရာယ်ရှိသည့် သစ်ပင်အိုကြီးများ ရှင်းလင်းရေး၊ ဖုန်းကြိုးများ၊ အင်တာနက်ဝိုင်ဖိုင်ကြိုးများ စနစ်တကျရှိစေရေး မှာကြားသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မဟာအောင်မြေမြို့နယ်ရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြာမှုဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မြန်မာ့စာတိုက်လုပ်ငန်းရုံး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦစီးဌာနရုံးများသို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့်ပျက်စီးမှုများ ပြင်ဆင်ပြီးစီးမှုအခြေအနေ၊ Modular Office များ တပ်ဆင်၍ ရုံးလုပ်ငန်းဆောင်ရွက်နေမှု၊ Modular House များတွင် ဝန်ထမ်းမိသားစုများ ယာယီ နေထိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန