ဒုတိယဝန်ကြီး ဦးအောင်မြိုင် တောင်ငူ - နေပြည်တော် ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင် ပြုပြင်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဒီဇင်ဘာ  ၁

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ ၊ တိုင်းတာဝန်ခံ အရာရှိများနှင့်အတူ တောင်ငူ - နေပြည်တော် ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင် ပြုပြင်နေမှု အခြေအနေများ၊ အဆိုပါရထားလမ်းပိုင်းရှိ ဘူတာများ၊ ရထားလမ်းတံတားများအပြင် တောင်ငူဘူတာနှင့် ပျဉ်းမနားဘူတာယာဒ်ဝင်းတို့ရှိ ဝန်ထမ်းနေအိမ်လိုင်းခန်းများနှင့် ဒီဇယ်စက်ခေါင်းပြင် စက်ရုံ (ပျဉ်းမနား)တို့အခြေအနေအား စစ်ဆေးသည်။

ဆိုပါ ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် တောင်ငူ - နေပြည်တော် ရထားလမ်းပိုင်း၌ မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်ပြုပြင်နေမှုအခြေအနေများကို RBE ရထားဖြင့် လိုက်ပါစီးနင်း၍ စစ်ဆေးခဲ့ရာ ရထားလမ်းကောင်းမွန်ရန်အတွက် ရထားလမ်းအား ပြုပြင်ထိန်းသိမ်းရသည့် လုပ်ငန်းစဉ်များတွင် Tamping ခေါ် ကျောက်ပါကင်ရိုက်ခြင်းသည် အဓိကကျပြီး အရေးပါသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည့်အပြင် ကျောက်ပါကင်ရိုက်ခြင်းဖြင့် ရထားလမ်းအား Level မှန်စေခြင်း၊ Alignment မှန်စေခြင်း၊ ရထားလမ်းနှင့် ဇလီဖားတုံးအောက်ရှိ ကျောက်ပါကင် သိပ်သည်းမှု တူညီ(ညီမျှ)ခြင်းတို့ကို ဖြစ်ပေါ်စေပြီး ခုန်ခြင်း ဆောင့်ခြင်း လူးခြင်းတို့ကို မဖြစ်ပေါ်စေတော့ပဲ ရထားစီးရသည်မှာ အဆင်ပြေနေမည် ဖြစ်သည့်အတွက်  Hand Tamping Machine အပြင် Automatic Leveling, Lining & Tamping Machine (ALLTM) စက်ဖြင့် ကျောက်ပါကင်ရိုက်ခြင်း လုပ်ငန်းအား သေချာစွာ ဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးသည် အဆိုပါလမ်းပိုင်းရှိ တံတားများတွင် ဆွေ့မြေ့နေသည့် သစ်သားဇလီဖားများအား လဲလှယ်သွားရန်၊ တံတားခုံးတစ်ခုစီအလိုက် အောက်ခြေသံဘောင်အထိုင် ကောင်း/မကောင်း ၊ Bolt & Nut များ ကောင်း/မကောင်း စစ်ဆေးသွားရန်နှင့် ကွေ့ဒီဂရီ ၊ Alignmentနှင့် Super Elevations များ မှန်ကန်မှုရှိစေရေး စနစ်တကျ စစ်ဆေး၍ ပြုပြင်ဆောင်ရွက်သွားရန်၊ Diesel Electric Multiple Unit (DEMU) ရထားများဖြင့် ပြေးဆွဲပါက ခရီးသွားများ အဆင်ပြေစေရေး ဘူတာပလက်ဖောင်းများကို Level မြှင့်တင်ဆောင်ရွက်ရန်အတွက် Design ပုံစံအား ကြိုတင်စဉ်းစားဆောင်ရွက်ရန်နှင့် ဘူတာများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး အလေးထားဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တောင်ငူဘူတာနှင့် ပျဉ်းမနားဘူတာများရှိ ဝန်ထမ်း နေအိမ်လိုင်းခန်းများအား စစ်ဆေးခဲ့ပြီး ဝန်ထမ်းနေအိမ် လိုင်းခန်းများအတွင်း သန့်ရှင်းသပ်ရပ်မှု ရှိစေရေး ပုံမှန်ရှင်းလင်း ဆောင်ရွက်သွားရန်နှင့် အိမ်ရာကြီးကြပ်ရေးအဖွဲ့အား စနစ်တကျဖွဲ့စည်း၍ ပုံမှန်စစ်ဆေးပြီး ပျက်စီးမှုများအား ပြန်လည်ပြုပြင် ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဒီဇယ်စက်ခေါင်းပြင်စက်ရုံ(ပျဉ်းမနား)သို့ သွားရောက် စစ်ဆေးခဲ့ပြီး စက်ခေါင်းများပြုပြင်ရာတွင် သတ်မှတ်ထားသည့် Schedule အတိုင်း စနစ်တကျ ကောင်းမွန်အောင်ပြုပြင်ရေး၊ Spare Parts များ လုံလောက်မှုရှိစေရေး၊ စက်ရုံဝန်းအတွင်း သန့်ရှင်း သပ်ရပ်မှုရှိစေရေး၊ မြက်၊ ချုံနွယ်များ ရှင်းလင်းရန် ဝန်ထမ်းများ အရည်အသွေးနှင့် ကျွမ်းကျင်မှု တိုးတက်စေရေး ၊ စက်ရုံရှိ စက်ကိရိယာပစ္စည်းများ ရေရှည်ကြံ့ခိုင် ကောင်းမွန်စေရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်စေရေး စနစ်တကျ စီမံဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန