ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ဟိုင်းကြီးကျွန်းမြို့အဝင် ရေလမ်းကောင်းမွန်ရေး သောင်တူးလုပ်ငန်းဆောင်ရွက်နေမှုနှင့် နုန်းတားကျောက်စီလှိုင်းကာ တည်ဆောက်နေမှုလုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မတ် ၄

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင် နှင့် တာဝန်ရှိသူများလိုက်ပါ၍ ၃.၃.၂၀၂၄ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့သို့ သွားရောက်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ဟိုင်းကြီးကျွန်းမြို့အဝင် ရေလမ်း အလျား ၇၄၅ မီတာ၊ ပျမ်းမျှ အကျယ် ၁၂၀ မီတာ နှင့် အနက် ရေစစ်မျဉ်းအောက် ၇ မီတာ၊ စုစုပေါင်း ၃၉၈၉၂၀ ကုဗမီတာ သောင်တူးဖော်ခြင်းလုပ်ငန်းနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော နုန်းတားကျောက်စီလှိုင်းကာ အလျား ၅၀၀ ပေ တည်ဆောက်ခြင်းလုပ်ငန်းတို့အား ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။

တင်ပြချက်အပေါ် ဒုတိယဝန်ကြီးက သောင်တူးသင်္ဘောကြီးဖြင့် ဟိုင်းကြီးကျွန်းမြို့အဝင် ရေလမ်းသောင်တူးဖော်နေမှုသည် ဒေသခံပြည်သူများအတွက် ရေလမ်းကုန်စည်ပို့ဆောင်မှု လုံခြုံချောမွေ့ရုံသာမက ရေယာဉ်ကြီးများ ၂၄ နာရီ ဝင်ထွက်နိုင်သဖြင့် များစွာအကျိုးရှိသော လုပ်ငန်းဖြစ်ကြောင်း၊ လုပ်ငန်းများကို သတ်မှတ်အချိန်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ရန်လိုကြောင်း၊  သောင်တူးဖော်ရာတွင် သတ်မှတ်တူးလိုင်း အကျယ်၊ အနက် ရရှိစေရေး ဂရုပြုဆောင်ရွက်ကြရန်နှင့်  သောင်တူးသင်္ဘောကြီးများသည် တန်ဖိုးကြီးမားသည့်အတွက် ကိုင်တွယ်မောင်းနှင်သူများအနေဖြင့် သတ်မှတ်ထားသော Procedure များနှင့်အညီ စနစ်တကျထိန်းသိမ်း     ကိုင်တွယ်မောင်းနှင်ရန်လိုကြောင်း၊ မီးဘေးအန္တရာယ်မဖြစ်စေရေး သင်္ဘောသားတိုင်း အထူးအလေး ထား ဂရုပြုရန်လိုကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်ဝန်ထမ်းများ ခါးဆက်မပြတ်စေရေး တာဝန်ရှိသူအဆင့်ဆင့်က စီမံဆောင်ရွက်ရန်လိုကြောင်း  မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက နုန်းတားကျောက်စီလှိုင်းကာ တည်ဆောက်နေမှုနှင့် ပတ်သက်၍ လုပ်ငန်းအရည်အသွေး စံချိန်စံညွှန်းပြည့်မီပြီး သတ်မှတ်ကာလအတွင်း ပြီးစီးရေး အလေးထားကြီးကြပ်ရန်နှင့် ရေးဆွဲထားသော လုပ်ငန်းအချိန်ဇယား (Work Plan) အတိုင်း ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများက ကြီးကြပ်ပေးသွားရန်လိုကြောင်း မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်  ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ရှိ မဟာမကုဋရံသီဆံတော်ရှင်မြတ်မော်တင် စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမျှော်ပြီး စေတီတော် ရင်ပြင်တော် တိုးချဲ့ခြင်းအတွက် အလှူတော်ငွေများကို  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ကိုယ်စား ဘုရားဂေါပကနှင့် တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန