ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ရန်ကုန်မြို့ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေး

၂၀၂၃ ခုနှစ်၊ မတ်လ ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် မတ်လ ၁၈ ရက်နေ့နံနက်ပိုင်းတွင် နေပြည်တော်မှထွက်ခွါလာရာ ရန်ကုန်မြို့သို့ မွန်းလွဲပိုင်းတွင် ရောက်ရှိပြီးနောက် မရမ်းကုန်းမြို့နယ်၊ (၈)မိုင်လမ်းဆုံ အနီးရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ဝန်ဆောင်မှုဌာနနှင့် လုပ်ငန်းလည်ပတ်မှုဌာန၊ ဘုရင့်နောင် Data Center တို့သို့သွား ရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း သည် မရမ်းကုန်းမြို့နယ်၊ (၈) မိုင်လမ်းဆုံအနီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဝန်ဆောင်မှုဌာနနှင့် လုပ်ငန်းလည်ပတ်မှုဌာနသို့ ရောက်ရှိလာရာ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ ကြပါသည်။၎င်းနောက် အစည်းအဝေးခန်းမတွင် တာဝန်ရှိသူများက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊  ဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် စီစဉ်ဆောင်ရွက်နေမှု အခြေအနေများအား  ရှင်းလင်း တင်ပြခဲ့ကြပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း သည် ပြည်သူများ၏ နေ့စဉ်လူမှုဘဝအတွက် အလွန်အရေးကြီးပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ချို့ယွင်းမှုများ ဖြစ်ပေါ်ပါက ဝန်ဆောင်မှုများ ပြတ်တောက်မှု မရှိစေရေးအတွက် လိုအပ်သည့် အရန်စနစ်များ၊ အရန်ဆက်ကြောင်းများ၊ အရန်စက်ပစ္စည်းများ အဆင်သင့်ဖြစ်စေရေး တပ်ဆင်တည်ဆောက်ထားရှိရန် လိုအပ်ကြောင်း၊  မီးဘေးအန္တရာယ်များ မဖြစ်ပေါ်စေရေး အတွက်လည်း လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ထားရှိရန် လိုအပ်သလို ဖြစ်ပေါ်လာပါကလည်း စနစ်တကျ ငြှိမ်းသတ်မှု ဆောင်ရွက်နိုင်ရန် လိုအပ်သော မီးငြှိမ်းသတ်ရေး ပစ္စည်းများ အဆင်သင့် ထားရှိရန်နှင့် လက်တွေ့သုံးစွဲနိုင်ရေး ကြိုတင် ဇာတ်တိုက် လေ့ကျင့်ထားရှိမှုများလည်း လိုအပ်မည် ဖြစ်ကြောင်း မှာကြားပါသည်။ ထို့အပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်း တစ်ရပ် ဖြစ်ပါသဖြင့် နိုင်ငံတော်အတွက် ဝင်ငွေတိုးမြှင့်ရရှိရေးကို အထူးကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်သလို နိုင်ငံတော်၏ ဆက်သွယ်ရေး လိုအပ်ချက်များကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး အစဉ်ကြိုးပမ်း ဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားခဲ့ပါသည်။ ၎င်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဝန်ဆောင်မှုဌာနနှင့် လုပ်ငန်းလည်ပတ်မှုဌာန၏ လုပ်ငန်း ဆောင်ရွက်နေမှုများ၊ စက်ပစ္စည်းများတပ်ဆင် အသုံးပြုဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၎င်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မရမ်းကုန်းမြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဘုရင့်နောင် Data Center သို့ ရောက်ရှိရာ တာဝန်ရှိသူများက အသစ်တည်ဆောက် တပ်ဆင်ထားသည့် Data Center နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ် ယနေ့ခေတ်သည် သတင်းအချက်အလက် နည်းပညာခေတ်ဖြစ်သည်နှင့်အညီ Data အသုံးပြုမှုများ တိုးတက်လျက်ရှိကြောင်း၊ Data အချက်အလက်များကို ၂၄ နာရီ ပြတ်တောက်မှု မရှိစေဘဲ အသုံးပြု ရရှိနိုင်ရေး ထိရောက်သော ဝန်ဆောင်မှုပေးရန် လိုအပ်ကြောင်း၊ အချက်အလက်များ၏ လုံခြုံရေးနှင့် Data Center ၏ လုံခြုံရေးစနစ်ကို အဆင့်မြင့်စွာ စီမံဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း၊ ဖွံ့ဖြိုး တိုးတက်လာသည့် စီးပွားရေး၊ စီမံအုပ်ချုပ်ရေး၊ လူမှုရေးကဏ္ဍ အသီးသီးအတွက် အနာဂတ်တွင် Data Center သုံးစွဲမှု ပိုမိုလိုအပ်လာနိုင်မည်ကိုပါ ထည့်သွင်း စဉ်းစား သုံးသပ်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ စက်ပစ္စည်းများ အစဉ်ကောင်းမွန်စေရေးအတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများကို သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြရန် ဖြစ်ကြောင်း မှာကြားခဲ့ပြီး တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများကို စားသောက်ဖွယ် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန