ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ပညာသင်ထောက်ပံ့ကြေးဆိုင်ရာကိစ္စနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

၂၀၂၃ ခုနှစ် ၊ မတ်လ ၆

နိုင်ငံတော်အစိုးရမှ စီစဉ်ပေးအပ်လျက်ရှိသော ပညာသင်ထောက်ပံ့ကြေးဆိုင်ရာ ကိစ္စနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နေပြည်တော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ရုံးအမှတ်(၅) အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ ပါသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း က တက်ရောက်၍ ဦးဆောင် ဆွေးနွေးခဲ့ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရမှ ခွင့်ပြုပေးနေသည့် ပညာရေးကဏ္ဍအောက်မှ ပညာသင်ထောက်ပံ့ကြေး ပေးအပ်နေသည့်ကိစ္စသည် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ ရေရှည်ကျခံသုံးစွဲရမည့်ကိစ္စဖြစ်ပါကြောင်း၊  အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ပညာသင်ထောက်ပံ့ကြေးကိစ္စ ဆောင်ရွက်နေကြသည့်   သက်ဆိုင်ရာဝန်ကြီးဌာနများ အကြား အဆင့်မြင့်ပညာကဏ္ဍ၊ အခြေခံပညာကဏ္ဍနှင့် နည်းပညာနှင့်သက်မွေးပညာရပ် ကဏ္ဍ စသည်ဖြင့် ကဏ္ဍအလိုက်တွင် သတ်မှတ်ထားသည့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်သည့် "မူ"၊ စိစစ် ရွေးချယ်မှုဆောင်ရွက်သည့်လုပ်ငန်းစဉ်များနှင့်အညီ ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ဆောင်ရွက်ပေးရန်လိုအပ်မှုအခြေအနေများအပေါ် အကြံပြု ဆွေးနွေး ပေးကြ ပါရန် ဖြစ်ပါကြောင်း ပြောကြားပါသည်။

၎င်းနောက် တက်ရောက်လာသော ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ဝန်ကြီးဌာနအလိုက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်လျက်ရှိသော တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ အခြေခံပညာကျောင်း၊ သင်တန်းကျောင်းများ၏ အခြေအနေများကို လည်းကောင်း၊ တစ်ပြေးညီဖြစ်သင့်သည့်  မူဝါဒ၊ လုပ်ငန်းစဉ်များ ဆိုင်ရာကိစ္စ၊ စိစစ်ရွေးချယ် ပေးအပ်သင့်သည့် အရေအတွက်၊ နှုန်းထားသတ်မှတ်ပေးရေး စသည်တို့ကို လည်းကောင်း ဝိုင်းဝန်း ဆွေးနွေးကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန