ထီးလှိုင်ရှင် ရေယာဉ် မော်လမြိုင်-ဘားအံ-မော်လမြိုင် အပျော်စီး ခရီးစဉ် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲ အခမ်းအနားကျင်းပ

 

ထီးလှိုင်​ရှင်​ ​ရေယာဉ်​ ​မော်​လမြိုင်​-ဘားအံ-​မော်​လမြိုင်​ အပျော်စီး ခရီးစဉ်​ စတင်​​ပြေးဆွဲခြင်း ဖွင့်ပွဲ အခမ်းအနားကျင်းပ

၁၇.၁၁.၂၀၁၈ (စ​နေ​နေ့)

ထီးလှိုင်​ရှင်​ ​ရေယာဉ်​ ​မော်​လမြိုင်​-ဘားအံ-​မော်​လမြိုင်​ အပျော်စီး ခရီးစဉ်​ စတင်​​ပြေးဆွဲခြင်း ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် (ဝ၉:ဝ၀) အချိန်​၌ မွန်​ပြည်​နယ်​၊ မော်​လမြိုင်​မြို့၊ ကမ်းနားလမ်းရှိ အမှတ်​(၄) ရွှေမြိုင်​တံတားတွင်​ ကျင်းပပြုလုပ်​ရာ မွန်​ပြည်​နယ်​ အစိုးရအဖွဲ့ ပြည်​နယ်​ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​အေးဇံ နှင့် ပြည်​နယ်​အစိုးရ ဝန်​ကြီးများ၊ ကရင်​ပြည်​နယ်​အစိုးရအဖွဲ့ ပအိုဝ်း တိုင်းရင်းသား​ရေးရာ ဝန်ကြီး ဦးခွန်​မျိုးတင့်၊ ပြည်​တွင်း​ရေ​ကြောင်းပို့​ဆောင်​​ရေး ဦး​ဆောင်​ညွှန်​ကြား​ရေးမှူး ဦး​ဇော်ဝင်း၊ Tint Tint Myanmar Group of Companies ဥက္ကဌ ​ဒေါ်တင့်တင့်လွင်​၊ ပြည်​နယ်​အဆင့် ဌာနဆိုင်​ရာများ၊ ဖိတ်​ကြားထားသူများ တက်​​ရောက်​ကြပါသည်​။

ဖွင့်ပွဲ အခမ်းအနားတွင်​ မွန်​ပြည်​နယ်​ အစိုးရအဖွဲ့ ပြည်​နယ်​ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​အေးဇံ က အဖွင့်အမှာစကား ​ပြောကြားပြီး၊ Tint Tint Myanmar Group of Companies ဥက္ကဌ ​ဒေါ်တင့်တင့်လွင်​ က ထီးလှိုင်​ရှင်​ ​ရေယာဉ်​ ​မော်​လမြိုင်​-ဘားအံ-မော်​လမြိုင်​ ခရီးစဉ်​ ဖွင့်လှစ်​ ​ပြေးဆွဲခြင်းနှင့် ခရီးစဉ်​ ​ပြေးဆွဲရန်​ စီစဉ်​ ​ဆောင်​ရွက်​ထားမှု အ​ခြေအ​နေများကို ရှင်းလင်း တင်​ပြပါသည်​။

ဆက်​လက်​၍ ထီးလှိုင်​ရှင်​ ​ရေယာဉ်​ ​ကို ပြည်​နယ်​ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​အေးဇံ၊ ပြည်​တွင်း​ရေ​ကြောင်းပို့​ဆောင်​​ရေး ဦး​ဆောင်​ညွှန်​ကြား​ရေးမှူး ဦး​ဇော်​ဝင်း၊ Tint Tint Myanmar Group of Companies ဥက္ကဌ  ​ဒေါ်တင့်တင့်လွင်​ တို့က ဖဲကြိုးဖြတ်​၍ ဖွင့်လှစ်​​ပေးပါသည်​။

ဆက်​လက်​၍ ပြည်​နယ်​ဝန်​ကြီးချုပ်​နှင့် ဧည့်သည်​​တော်​များသည်​ ထီးလှိုင်​ရှင်​ ​ရေယာဉ်​ ​ပေါ်သို့ တက်​​ရောက်​ ကြည့်ရှု့ကြပြီး သံလွင်​မြစ်​အတွင်း ​ရေယာဉ်​ဖြင့် လှည့်လည်​ ကြည့်ရှု့ကြပြီး ၁၀:၅၅ အချိန်​တွင်​ အမှတ်​(၄) ရွှေမြိုင်​တံတားသို့ ပြန်​လည်​ ဆိုက်​ကပ်​၍ အခမ်းအနား ပြီးဆုံး​ကြောင်း သိရသည်​။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့တွင် မြစ်ကူးတံတားကြီးများ တည်ဆောက်နိုင်ခဲ့ပြီး၊ ကုန်းလမ်းပို့ဆောင်ရေးလမ်းများ ကောင်းမွန်လာမှုကြောင့် ရာသီအချိန်အခါမရွေး လွယ်ကူ ချောမွေ့စွာ ခရီးသွားလာနိုင်ပြီ ဖြစ်ခြင်းကြောင့် ခရီးသွားပြည်သူအများစုမှာ ကုန်းလမ်းခရီးမှသာ အဓိကအားထား သွားလာမှု များပြားလာခဲ့ပြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ သံလွင်ဌာနခွဲရှိ ရေယာဉ် ခရီးလမ်းများတွင် ခရီးသည်နှင့် ကုန်စည်များ လိုက်ပါမှု မရှိသလောက် နည်းပါးသွားခြင်းကြောင့် ခရီးစဉ်များ ရပ်နားထားခဲ့ရပါသည်။

မော်လမြိုင်-နတ်မော် ကူးတို့လမ်းတွင် ပြေးဆွဲ ပေးနေသည့် "ထီးလှိုင်​ရှင်​" ​ရေယာဉ်​ကိုလည်း ၂၀၁၇ ခုနှစ် ဧပြီလတွင် သံလွင်မြစ်ကူး ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း)ကို ဖွင့်လှစ်ပေးပြီး နောက်ပိုင်း ခရီးသည်နှင့် ကုန်စည်များ လိုက်ပါမှု မရှိခြင်းကြောင့် ရပ်နားထားခဲ့ရပါသည်။ အဆိုပါ "ထီးလှိုင်​ရှင်​" ​ရေယာဉ်​ကို Tint Tint Myanmar Cruise နှင့်ပူးပေါင်း၍ မြစ်တွင်း အပျော်စီး ခရီးစဉ်သွား ရေယာဉ်အဖြစ် ပြုပြင်မွမ်းမံ၍ မော်​လမြိုင်​-ဘားအံ-​မော်​လမြိုင်​ အပျော်စီး ခရီးစဉ်ပြေးဆွဲနိုင်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ်အစိုးရအဖွဲ့တို့ဖြင့် တင်ပြ ညှိနှိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ မော်​လမြိုင်​-ဘားအံ-​မော်​လမြိုင်​ အပျော်စီး ခရီးစဉ်ကို နေ့စဉ်ပြေးဆွဲနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။