ဆိုက်ဘာတိုက်ခိုက်မှုများကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ကွန်ပျူတာလုံခြုံရေးဆိုင်ရာ အရေးပေါ် တုံ့ပြန်ရေး စီမံခန့်ခွဲမှု သင်တန်း ဖွင့်လှစ်

လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သက်သည့်ဖြစ်စဉ်များအား ကိုင်တွယ်ဖြေရှင်းတတ်စေရန် ရည်ရွယ်၍ “Incident Handling and CSIRT Management” သင်တန်းကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၌ ယနေ့ဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါသင်တန်းကို (၁၇-၂-၂၀၂၀)ရက်နေ့မှ (၂၁-၂-၂၀၂၀)ရက်နေ့ထိ (၅)ရက်တာ ဖွင့်လှစ်မည်ဖြစ်ပြီး အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးရန်နောင်စိုး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ထိုက်၊ ဦးစီးအရာရှိ ဒေါ်လဝန်းရည်၊ ဒေါ်အေးမြတ်သန္တာနှင့် ဒေါ်ရွှေဝတ်ရည်တို့က သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။
သင်တန်းတွင် Module (၅)ခုအား သင်ကြားပို့ချမည်ဖြစ်ပြီး Module (1) – Advanced Persistent Threats၊ Module (2) – Incident Handling Process၊ Module (3) – Tools Explanation၊ Module 4 – Hands-on Exercise နှင့် Module (5) – CSIRT Management တို့ဖြစ်ကြပါသည်။
အဆိုပါသင်တန်းကို လွှတ်တော်(၃)ရပ်၊ ဗဟိုဌာနများ၊ ဝန်ကြီးဌာနများမှ CIO/ ACIO များအပါအဝင် ဌာနဆိုင်ရာ တာဝန်ရှိသူ (၃၉)ဦးတို့ တက်ရောက်လျက်ရှိကြောင်း သတင်းရရှိပါသည်။