ဆိပ်ကမ်းနယ်နိမိတ်အတွင်း စက်သုံးဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းလုပ်ကိုင်ခွင့်ကိစ္စ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

အမိန့်ကြော်ငြာစာ

  အမှတ်၊ (   ၅   /၂၀၁၉)        

၁၃၈၁ ခုနှစ် ၊  တန်ခူးလပြည့်ကျော်   ၆    ရက်

(၂၀၁၉ ခုနှစ် ၊ ဧပြီလ   ၂၅    ရက်)

          ၂၀၁၅ ခုနှစ်၊ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်၂၁၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဥပဒေ ပုဒ်မ ၁၇(ဆ)၊၁၉(က)၊၃၆(က)၊ ၇၈၊ ၈၃၊ ၈၆ ၉၀ နှင့်၉၁ အရ အပ်နှင်းထားသော  လုပ်ပိုင်ခွင့်များကို  ကျင့်သုံးဆောင် ရွက်နိုင်ရန်နှင့် ဥပဒေပုဒ်မ  ၁၇(ဆ)၊၃၆(က)၊ အရ ဆိပ်ကမ်းနယ်နိမိတ်အတွင်း စက်သုံးဆီဖြန့်ဖြူး ရောင်းချသည့် လုပ်ငန်းလုပ်ကိုင်လိုသူများအတွက် သတ်မှတ်ချက်များနှင့်အညီ စက်သုံးဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးနိုင်ရန် အလို့ငှာ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

 

“ဆိပ်ကမ်းနယ်နိမိတ်အတွင်း  စက်သုံးဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းလုပ်ကိုင်ခွင့်တင်ပြရာတွင် ပါဝင်ရမည့်အချက်များ”

၁။      ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ လိပ်မူ၍ သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာပါမည်ဟု ဝန်ခံချက်ဖြင့် ဆိပ်ကမ်းနယ်နိမိတ်အတွင်း စက်သုံးဆီဖြန့် ဖြူးရောင်းချသည့် လုပ်ငန်းလုပ်ကိုင်ခွင့် လျှောက်လွှာတင်ပြရမည်။

၂။       ရေယာဉ်နှင့်ပတ်သက်သော သတင်းအချက်အလက် (Ship Particular) နှင့် အောက်ဖော် ပြပါ  Plan / Drawing များ တင်ပြရမည်ဖြစ်ပါသည် -

(က)     General Arrangement Plan

(ခ)      Watertight  and Deep-tank Bulkheads

(ဂ)     Tank Plan၊ Capacity Plan

(ဃ)     Manhole , Hatch and Hatch-closing Arrangement

(င)     Ventilation System on Weather Deck

(စ)     Valve, Piping & Pumping Arrangement  

(ဆ)     Safety Plan

(ဇ)     Fire-fighting & Life Saving Appliance Arrangement

(ဈ)     Anchor & Mooring Arrangement

(ည)   Navigation Signal Light & Communication Equipments

၃။      ရေယာဉ် Crew  List တင်ပြရမည်။

၄။      ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသော သက်တမ်းရှိ Tanker Licence လိုင်စင်၊ Load Line Certificate များ၊ Tank Test Certificate ၊  Test Certificate for Pressure Vessel ၊ နောက်ဆုံး Survey  ဝင်ခဲ့သည့် Survey Report  တို့ကို တင်ပြရမည်။

၅။      မီးဘေးလုံခြုံရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ စစ်ဆေးချက်မိတ္တူ တင် ပြရမည်။

၆။      ဆိပ်ကမ်းနယ်နမိတ်အတွင်း စက်သုံးဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းလုပ်ကိုင်ခွင့်နှင့် ပတ်သက်သည့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး အသုံးအဆောင်ပစ္စည်းများ စာရင်း၊ မီးဘေး ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများ စာရင်း၊ လုပ်ငန်းခွင်တွင် ကျန်းမာရေး၊ မီးဘေးအထောက်အကူပြု အစီအမံများထားရှိမှုအခြေအနေ၊ စက်သုံးဆီယိုစိမ့်မှုများအတွက် မီးဘေးအန္တရာယ်နှင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုမှ ကာကွယ်သည့် Emergency Response အစီအမံများကို တင်ပြရမည်။

၇။        စက်သုံးဆီအမျိုးအစားအလိုက် သယ်ယူပို့ဆောင်ခြင်း၊ စက်သုံးဆီထောက်ပံ့ ဖြန့်ဖြူးခြင်းလုပ်ငန်း အတွက် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများမှ ထုတ်ပေးသည့် Certificate၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ထုတ်ပေးထားသည့်Certificate တို့ကို တင်ပြရမည်။

၈။      မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စာရင်းဌာနတွင် ဆိပ်ကမ်းနယ်နမိတ်အတွင်း စက်သုံးဆီဖြန့် ဖြူးရောင်းချသည့်လုပ်ငန်းလုပ်ကိုင်ခွင့်၊ ခွင့်ပြုကြေးပေးသွင်းပြီးကြောင်း ငွေရပြေစာမိတ္တူတင်ပြ ရမည်။

၉။      စက်သုံးဆီတင် ရေယာဉ်များထားရှိရမည့် တည်ဆဲဥပဒေနှင့်အညီ အာမခံဆိုင်ရာ အကာအကွယ် များအတွက်  လိုအပ်သော စီမံဆောင်ရွက်ထားရှိမှုများကို တင်ပြရမည်။

 

 

 “ဆိပ်ကမ်းနယ်နိမိတ်အတွင်း စက်သုံးဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းလုပ်ကိုင်ခွင့် စည်းကမ်းချက်”

၁။ဆိပ်ကမ်းနယ်နိမိတ်အတွင်း စက်သုံးဆီဖြန့်ဖြူး ရောင်းချသည့် လုပ်ငန်းလုပ်ကိုင်ခွင့် သက်တမ်းကို(တစ်)နှစ်သာ ခွင့်ပြုပါသည်။ လုပ်ကိုင်ခွင့်သက်တမ်းတိုး လျှောက်ထားရာတွင် သက်တမ်း မစေ့မီ (၁)လ ကြိုတင်၍ လျှောက်ထားရမည်။ သတ်မှတ်ကာလ ပြည့်မြောက်ပါက လုပ်ငန်း ဆောင်ရွက်ခြင်းကို ချက်ချင်းရပ်ဆိုင်းရမည်။

၂။ဆိပ်ကမ်းနယ်နိမိတ်အတွင်း စက်သုံးဆီဖြန့်ဖြူး ရောင်းချသည့် လုပ်ငန်းလုပ်ကိုင်ခွင့်ရသူများ သည် (တစ်)နှစ်လျှင် ကျပ်၂၀၀,၀၀၀/-(ကျပ်နှစ်သိန်းတိတိ)ကို ဤခွင့်ပြုလက်မှတ် ဆက်လက်တည်ရှိ နေသရွေ့ကာလပတ်လုံး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အား ပေးဆောင်ရမည်။

၃။ဆိပ်ကမ်းနယ်နိမိတ်အတွင်း စက်သုံးဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းလုပ်ကိုင်ခွင့် သက်တမ်းတိုး ခြင်းအား အချိန်မီဆောင်ရွက်ခြင်းမပြုပါက သတ်မှတ်ဒဏ်ကြေး ပေးဆောင်ရမည်။  သတ်မှတ် ရက်ထက် ၁လ(ရက်ပေါင်း ၃၀)အတွင်းကျော်လွန်ပါက ဒဏ်ကြေးအဖြစ် ကျပ်သုံးသောင်း၊ ၁လ (ရက်ပေါင်း၃၀) ထက်ကျော်လွန်ပါက ကျပ်ခြောက်သောင်း၊ ၂လ(ရက်ပေါင်း၆၀) ထက်ကျော်လွန်ပါက ကျပ်ကိုးသောင်း၊ ၃လ(ရက်ပေါင်း၉၀) ထက်ကျော်လွန်ပါက ကျပ်တစ်သိန်းငါးသောင်းနှင့် ၄လ (ရက်ပေါင်း၁၂၀)ထက်ကျော်လွန်ပါက အပြီးလုပ်ကိုင်ခွင့် ပိတ်သိမ်းခြင်းခံရမည်။

၄။ဆိပ်ကမ်းနယ်နိမိတ်အတွင်း စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်အရ ခွင့် ပြုထားသောလုပ်ငန်းမှအပ အခြားလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခွင့်မရှိ။ အခြားတစ်ဦးဦးသို့ လွှဲပြောင်းလုပ်ကိုင်စေခြင်းမပြုရ။

၅။လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိထားသူသည် နိုင်ငံတော်၊ ပြည်ထောင်စုဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့မှ ပြဋ္ဌာန်းထုတ်ပြန်ထားသည့် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ ဆိပ်ကမ်းနယ်နိမိတ်အတွင်း သွားလာနေသည့် ရေ ယာဉ်အားလုံးအတွက်လည်းကောင်း၊ ရေနံထွက်ပစ္စည်းတင် ရေယာဉ်များအတွက်လည်းကောင်း၊ ထုတ် ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာစာ၊ စည်းမျဉ်း စည်းကမ်း များကို တိကျစွာ လိုက်နာကျင့်သုံးရမည်။

၆။စက်သုံးဆီတင် ရေယာဉ်များအနေဖြင့် ဆိပ်ကမ်းနယ်နိမိတ်အတွင်း လုပ်ငန်းလုပ်ကိုင်ခွင့်များ မရှိဘဲလုပ်ကိုင်ပါက မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဥပဒေပုဒ်မ ၁၇(ဆ)၊၁၉(က)၊၃၆(က)၊ ၇၈၊ ၈၃၊ ၈၆ ၉၀ နှင့်၉၁အရ စည်းကမ်းဖောက်ဖျက်သူများကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဥပဒေအရ အရေးယူ ခြင်းခံရမည်။      

၇။စက်သုံးဆီရေယာဉ်များမှ ရေဆိုး၊ ဆီဆိုး၊ ဆီဟောင်းများ၊ အမှိုက်များ၊ အညစ်အကြေးများ ကို မြစ်ချောင်းအတွင်း လုံးဝ(လုံးဝ) စွန့်ပစ်ခြင်းမပြုရ။ စွန့်ပစ်ခြင်းကို စစ်ဆေးတွေ့ရှိပါက မြန်မာ့ ဆိပ်ကမ်းအာဏာပိုင် ဥပဒေပုဒ်မ(၁၉)(က)အရ  သတ်မှတ်ထားသည့်   ဒဏ်ကြေးပေးဆောင်ရမည့်အပြင် စွန့်ပစ်ပစ္စည်းများကို စနစ်တကျ ရှင်းလင်း ဆောင်ရွက်ပေးရမည်။ ထို့အပြင် ရေဆိုး၊ ဆီဆိုး၊ ဆီဟောင်းများ၊ အမှိုက်များ၊ အညစ်အကြေးများကိုစွန့်ပစ်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့်ရယူသူ (သို့မဟုတ်) ရေယာဉ်ပိုင်ရှင်/ကိုယ်စားလှယ်မှ တာဝန်ယူစီမံဆောင်ရွက်ရမည်။

၈။ဆိပ်ကမ်းနယ်နိမိတ်အတွင်း စက်သုံးဆီရေယာဉ်တိုက်မှုကြောင့်လည်းကောင်း၊ သောင်တင် မှုဖြစ်ပေါ်ရာမှလည်းကောင်း၊ အကြောင်းတစ်မျိုးမျိုးကြောင့်လည်းကောင်း၊ စက်သုံးဆီနှင့်စက်သုံး ဆီအညစ်အကြေးများယိုဖိတ်ခြင်းမရှိအောင် အထူးဂရုပြုဆောင်ရွက်ရမည်။ ယိုဖိတ်မှု ရှိလာပါက လုပ်ငန်းလုပ်ကိုင်ခွင့်ရယူသူ (သို့မဟုတ်) ရေယာဉ်ပိုင်ရှင်/ကိုယ်စားလှယ်မှ တာဝန်ယူစီမံဆောင် ရွက်ရမည်။

၉။စက်သုံးဆီတင်ရေယာဉ်မှ စက်သုံးဆီနှင့် စက်သုံးဆီအညစ်အကြေးများ ယိုဖိတ်ခြင်းအား တာဝန်ယူရှင်းလင်း ဖယ်ရှားခြင်းမပြုနိုင်ပါက မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် ရှင်းလင်း ဖယ်ရှားသွားမည်ဖြစ်ပြီး ယင်းကဲ့သို့ ရှင်းလင်းဖယ်ရှားသည့်အတွက် ကုန်ကျသည့် ကုန်ကျစရိတ် များကို  လုပ်ငန်းလုပ်ကိုင်ခွင့်ရယူသူ (သို့မဟုတ်) သင်္ဘောပိုင်ရှင်    (သို့မဟုတ်)  ကိုယ်စားလှယ်ကပြန်လည်ပေးချေရမည့်အပြင် ဆိပ်ကမ်းနယ်နမိတ်အတွင်း စက်သုံးဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်း လုပ်ကိုင်ခွင့်အား ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်ပြီး တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်။

၁၀။အပြည်ပြည်ဆိုင်ရာဆီတင်ရေယာဉ်နှင့် တံတားများလိုက်နာရမည့် ဘေးအန္တရာယ်ကင်းရှင်းရေး လမ်းညွှန်ချက် International Safety Guide for Oil Tankers and Terminals (ISGOTT) ကို တည်ဆဲဥပဒေများနှင့်အညီ ဆိပ်ကမ်းနယ်နိမိတ်အတွင်းသွားလာနေသော ဆီတင်ရေယာဉ်၊ ရေနံ တင်ရေယာဉ်များနှင့် ဆီတင်/ချတံတားများ လိုက်နာဆောင်ရွက်ရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ  ကြီးကြပ်လမ်းညွှန်မှုပြုနိုင်သည်။

၁၁။IMOမှ ထုတ်ပြန်ထားသောMARPOL73 / 78ANNEX (1) OIL  POLLUTION မဖြစ် ပေါ်စေ ရေးအတွက်  လိုက်နာရန် သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများအား လိုက်နာ ဆောင် ရွက်ရမည်။ 

၁၂။ရေနံထွက်ပစ္စည်းတင်ရေယာဉ်များ ဆိပ်ကမ်းနယ်နိမိတ်အတွင်း သတ်မှတ်ထားသည့်နေရာ၌ သာ ခွင့်ပြုချက်ရရှိသည့် စက်သုံးဆီများတင်/ချခြင်းကို ဆောင်ရွက်ရမည်။

၁၃။စက်သုံးဆီတင်/ချခြင်းပြုလုပ်နေစဉ်နေ့အချိန်၌ဦးပိုင်းရွက်တိုင်ထိပ် (FORE MASTHEAD) တွင် “B”အလံကိုလွှင့်တင်၍ ညအချိန်တွင် မီးနီတစ်လုံးကို ထွန်းညှိထားရမည်။ ဆိုက်ကပ်ရပ်နားသည့် စက်သုံးဆီတင်ရေယာဉ်များ၊ စက်မဲ့ဆီတင်တွဲများတွင် အစောင့်များချထားခြင်း၊ ဆက်သွယ်ရေး ကိရိယာများစီမံထားရှိခြင်း၊ ဆိုက်ကပ်ရပ်နားသည့်အချက်ပြ မီးများထွန်းညှိခြင်းစသည့်အစီအမံ များထားရှိရန်။

၁၄။ရေယာဉ်ပေါ်တွင် မီးဘေးအန္တရာယ်ဖြစ်ပေါ်စေနိုင်သည့် ဂဟေဆော်ခြင်း၊ မီးအသုံးပြုခြင်း၊ လျှပ်စစ်သံမှိုရိုက်ခြင်းစသည့် မီး(သို့မဟုတ်) လျှပ်စစ်ဖြင့်ပြင်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လိုလျှင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ခွင့်ပြုချက်ရယူရမည်။ စက်သုံးဆီသိုလှောင်ထားရှိသဖြင့် ရေယာဉ် ပေါ်နှင့်အနီးပတ်ဝန်းကျင်တွင် ဆေးလိပ်သောက်သုံးခြင်း၊ Hot Work ပြုလုပ်ခြင်း၊ မီးပွင့်နိုင်သည့် လုပ်ငန်းများ၊ ပစ္စည်းများသုံးစွဲခြင်းလုံးဝမပြုလုပ်ရ။

၁၅။ဆိပ်ကမ်းနယ်နိမိတ်အတွင်းဝင်/ထွက်မည့် ဆီတင်ရေယာဉ်များ ဝင်/ထွက်ခွင့်နှင့် ဆိပ်ကမ်း တွင် ဆိုက်ကပ်ထားသော ရေယာဉ်များသို့ဆီတင်ဆောင်ခြင်း၊ (Port Area) အတွင်း ကျောက်ချ ရေယာဉ်ဆိုက်ကပ်ရန်၊ ဆီတင်/ချခြင်းများအား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ ကြိုတင်ခွင့်ပြုချက် ရယူရပါမည်။

၁၆။ဆိပ်ကမ်းနယ်နိမိတ်အတွင်း လုပ်ငန်း လုပ်ဆောင်ခြင်းအတွက်    မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဆိပ်ကမ်းအတွင်းသွားလာခွင့်ပြုမိန့် (Permit to Ply) ပါရှိရမည်။

၁၇။စက်သုံးဆီရေယာဉ်များအား ဆိပ်ကမ်းနယ်နမိတ်(PortLimit) ဧရိယာအတွင်းတွင် သတ် မှတ်ထားသည့် ကျွမ်းကျင်လက်မှတ်ရ ရေယာဉ်မှူးများသာ မောင်းနှင်ရမည်။

၁၈။စက်သုံးဆီများ သယ်ယူပို့ဆောင်ခြင်းနှင့်ပတ်သက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ် ပြန်ထားသော တည်ဆဲဥပဒေအရ ကျင့်သုံးလိုက်နာရမည် (သို့မဟုတ်) ဆက်လက်ကျင့်သုံးလျက်ရှိသော လုပ်ထုံးလုပ်နည်း၊ စည်မျဉ်းစည်းကမ်း၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များအတိုင်း လိုက် နာဆောင်ရွက်ရမည်။ 

၁၉။စက်သုံးဆီတင်ရေယာဉ်များတွင် ထားရှိရမည့် လိုင်စင်များ၊ ခွင့်ပြုမိန့်များ၊ သက်သေခံ လက်မှတ်များ အထောက်အထားပြ စာရွက်စာတမ်းများ(မူရင်း)များအား လိုအပ်သလို အချိန် မရွေး စစ်ဆေးမှုခံနိုင်ရန်အတွက် ရေယာဉ်တွင် အသင့်ထားရှိရမည်။

၂၀။စက်သုံးဆီထောက်ပံ့ဖြန့်ဖြူးသည့် Valve,PipeLine, Flexible Hose နှင့် Connection Fittings များသည် သတ်မှတ် Pressure ခံနိုင်ရမည်ဖြစ်ပြီး၊ ယိုစိမ့်မှုမရှိစေရေး ဂရုပြုဆောင်ရွက်ရမည်။

၂၁။မီးလောင်လျှင်ဖြစ်စေ၊  အခြားအရေးပေါ်ကိစ္စပေါ်ပေါက်လျှင်ဖြစ်စေ၊   လုပ်ငန်းလိုအပ်ချက်အရ ထွက်ခွာစေလျှင်ဖြစ်စေ၊ အချိန်မရွေးဆိပ်ကမ်းမှ အန္တရာယ်ကင်းစွာထွက်ခွာနိုင်ရေးအတွက် စနစ်တကျ ကြိုတင်စီမံထားရှိရမည်။

၂၂။မိမိရေယာဉ်ချို့ယွင်းမှုကြောင့် မီးလောင်ပေါက်ကွဲ ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားပါက ပျက်စီး ဆုံးရှုံးမှုတန်ဖိုးအဝဝကို “လုပ်ငန်းလုပ်ကိုင်ခွင့်ရသူ” က ပေးလျော်ရန် တာဝန်ရှိစေရမည်။

၂၃။ရေယာဉ်အမျိုးအစား/အဆင့်အရ စည်းကမ်းချက်ပါအချက်များနှင့်ကိုက်ညီသည့် ဆိပ်ကမ်း နယ်နမိတ်အတွင်း စက်သုံးဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းလုပ်ကိုင်ခွင့်အား မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရန်ကုန်(ရုံးချုပ်)မှ ဆောင်ရွက်မည်။

၂၄။လုပ်ကိုင်ခွင့်ရသူသည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကွဲလွဲသောခွင့်ပြုချက်ကို စာအားဖြင့် မရရှိသရွေ့ကာလပတ်လုံးဆိုခဲ့သော လုပ်ငန်းကိုဖော်ပြထားသော စည်းကမ်းချက်များအတိုင်းသာ တိကျ စွာလိုက်နာဆောင်ရွက်ရမည်။ လိုက်နာရန် ပျက်ကွက်ပါက လုပ်ငန်းလုပ်ကိုင်ခွင့် ပိတ်သိမ်းခြင်းခံ ရမည်ဖြစ်သည်။

          

နီအောင်

ဦးဆောင်ညွှန်ကြားရေးမှူး

စာအမှတ် ၊ ၁(စ) ၁၄(စီမံ-၁)/၂၈၀ /၂၀၁၉

ရက်စွဲ ၊ ၂၀၁၉ ခုနှစ် ၊ ဧပြီလ  ၂၅     ရက်