ဆက်သွယ်ရေး လုပ်ငန်းများအတွက် လိုအပ်သည့် အခြေခံအဆောက်အဦများ တည်ဆောက်ရန် မြေယာအသုံးပြုမှု စီမံခန့်ခွဲရေးကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဆက်သွယ်ရေး လုပ်ငန်းများအတွက် လိုအပ်သည့် အခြေခံအဆောက်အဦများ တည်ဆောက်ရန် မြေယာအသုံးပြုမှု စီမံခန့်ခွဲရေးကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အား စက်တင်ဘာလ(၇)ရက်နေ့တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၅) အစည်းအဝေးခန်းမ၌ ကျင်းပရာ ဆက်သွယ်ရေးလုပ်ငန်းများ အတွက် လိုအပ်သည့် အခြေခံအဆောက်အဦများ တည်ဆောက်ရန် မြေယာအသုံးပြုမှု စီမံခန့်ခွဲရေးကော်မတီဥက္ကဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးမှ ပြောကြားရာတွင် ဆက်သွယ်ရေး အခြေခံအဆောက်အဦများ (Infrastructure) တည်ဆောက်ရာတွင် မိုဘိုင်းဆက်သွယ်ရေး စခန်းများ အတွက် တာဝါတိုင်များ တည်ဆောက် ပေးခြင်းနှင့် ဖိုင်ဘာကေဘယ်လ်များ အား မြေပေါ်မြေအောက် တည်ဆောက် သွယ်တန်းပေးခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တာဝါတိုင်များ တည်ဆောက်ရာတွင် ဝန်ကြီးဌာနပိုင် မြေနေရာများ၊ မြေလွတ်မြေရိုင်း နှင့် ပလပ်မြေများတွင် ဦးစားပေး တည်ဆောက်သွားရန် နှင့် ၄င်းမြေနေရာများ မရရှိမှသာ ပုဂ္ဂလိကပိုင် မြေနေရာများတွင် ဆောင်ရွက်သွားရန် ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ တွင် ကြုံတွေ့ရသည့် အခက်အခဲပြသနာများ အား သက်ဆိုင်ရာပြည်နယ် နှင့် တိုင်းဒေသကြီး အစိုးရအနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် ညှိနှိုင်းဆောင်ရွက်မှသာ လျှင် ICT ဖွံ့ဖြိုးမှုတိုးတက်ရေး အတွက် များစွာ အထောက်အကူ ပြုနိုင်မည်ဖြစ်ပါ ၍ ဝိုင်းဝန်းဆောင်ရွက် ပေးကြ ပါရန် ပြောကြားသွား ပါသည်
    တက်ရောက်လာကြသည့် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ နှင့် တာဝန် ရှိသူများမှ မိမိတို့ဝန်ကြီးဌာနအလိုက် ကူညီပံ့ပိုးနိုင်မည့် လုပ်ငန်း ဆောင်ရွက်ချက်များအား အသီးသီး ရှင်းလင်းတင်ပြပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ ဝန်ကြီးများမှလည်း မိမိတို့ဒေသအလိုက် ညှိနှိုင်းဆောင်ရွက်ချက်များ နှင့် လိုအပ်ချက်များ အသီးသီး ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးတို့ မှ လိုအပ်သည်များ၊ လိုအပ်ချက်များ ဖြည့်စည်းဆောင် ရွက်ပေးခဲ့ပါသည်။
    အဆိုပါ အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ သက်ဆိုင်ရာဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ နှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြ ပါသည်။