ဆက်သွယ်ရေးအော်ပရေတာများ၏ ကွန်ရက်လွှမ်းခြုံနိုင်မှု၊ လူဦးရေလွှမ်းခြုံနိုင်မှု နှင့် ကွန်ရက်အရည်အသွေးများ တိုင်းတာနိုင်ရေး အစည်းအဝေးကျင်းပ

 

          ပြီးခဲ့သည့်လိုင်စင်နှစ်အတွက် ဆက်သွယ်ရေးအော်ပရေတာများ၏ လိုင်စင်ပါကတိကဝတ်များနှင့်အညီ ပထဝီအနေအထားအရ မိုဘိုင်းဆက်သွယ်ရေးကွန်ရက်လွှမ်းခြုံနိုင်မှု (Geographic Coverage)၊ လူဦးရေလွှမ်းခြုံနိုင်မှု (Population Coverage)နှင့် ကွန်ရက်အရည်အသွေး (Quality of Service) များ တိုင်းတာနိုင်ရေး အစည်းအဝေးအား (၆-၂-၂၀၁၉) ရက်နေ့ (၁၀:၀၀) အချိန်တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊  ရုံးအမှတ်(၂)အစည်းအဝေးခန်းမတွင် ပြုလုပ် ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆက်သွယ်ရေးအော်ပရေတာ(၄)ဦးဖြစ်သည့် MPT၊ Telenor ၊ Ooredoo နှင့် Mytel တို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ လိုင်စင်နှင့်စစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူးဦးစိုးနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်သွယ်ရေးအော်ပရေတာများ၏ လိုင်စင်တွင်ပါရှိသော ကတိကဝတ်များဖြစ်သည့် မိုဘိုင်းဆက်သွယ်ရေးကွန်ရက်လွှမ်းခြုံနိုင်မှု၊ လူဦးရေလွှမ်းခြုံနိုင်မှု နှင့် ကွန်ရက်အရည်အသွေးများအား တိုင်းတာရာတွင် လိုင်စင်ပါကတိကဝတ်များ နှင့်အညီ တိုင်းတာနိုင်ရေး၊ တိုင်းတာရာတွင် အသုံးပြုမည့်နည်းလမ်းများနှင့် တိုင်းတာမည့် အချက်အလက်များ သတ်မှတ်နိုင်ရေး၊ တိုင်းတာမည့်မြို့အရေအတွက်များ၊ လမ်းမကြီးများနှင့် အထူးစီးပွားရေးဇုန်များတွင် တိုင်းတာမည့် အခြေအနေများအား  ဆွေးနွေးခဲ့ကြပါသည်။

            ဆက်လက်၍ ဆက်သွယ်ရေးညွှန်ကြားမှုဦစီးဌာနနှင့် ဆက်သွယ်ရေးအော်ပရေတာများ အကြား တိုင်းတာမှုရလာဒ်များအပေါ်နားလည်မှု လွဲမှားခြင်း၊ အငြင်းပွားမှုဖြစ်ပွားခြင်းများ မရှိစေရန်အတွက်   တိုင်းတာရာတွင် ပါရှိမည့် အချက်အလက်များ၊ စံချိန်စံညွှန်းများအား လိုင်စင် စည်းကမ်းချက်များနှင့်အညီ ပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ မကြာမီအချိန်အတွင်း တိုင်းတာမှုလုပ်ငန်းများကို စတင်သွားမည်ဖြစ်သည့်အတွက် အော်ပရေတာများအနေဖြင့် လိုင်စင်တွင်ပါရှိသည့် ကတိကဝတ်များအတိုင်း ဂရုစိုက်၍ ပြည့်မီအောင် ဆောင်ရွက်ထားရှိကြရန်ပြောကြားခဲ့ကြပြီး အစည်းအဝေးအား မွန်းလွဲ(၁၃:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။