ဆက်သွယ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် အခြေခံအဆောက်အဦများ တည်ဆောက်ရန် မြေယာအသုံးပြုမှုစီမံခန့်ခွဲရေးကော်မတီ ဆဋ္ဌမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

   ဆက်သွယ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် အခြေခံအဆောက်အဦများ တည်ဆောက်ရန် မြေယာအသုံးပြုမှု စီမံခန့်ခွဲရေးကော်မတီ ဆဋ္ဌမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၇)ရက်၊ နံနက် (၁၀:၀၀) အချိန်တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၂) အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

   အဆိုပါ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆက်သွယ်ရေးအခြေခံအဆောက်အဦများ ချခင်း တည် ဆောက်ရာတွင် ကြုံတွေ့နေရသော အခက်အခဲများအား ဖြေရှင်းနိုင်ရေး၊ ဆက်သွယ်ရေးအခြေခံ အဆောက်အဦများ ချခင်းတည်ဆောက်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျင်မြန်စွာခွင့်ပြုနိုင်ရေးနှင့် ဆက်သွယ်ရေးကွန်ရက်အထောက်အကူပြု အခြေခံအဆောက်အအုံ ဖြတ်သန်းချခင်းခွင့်ဆိုင်ရာ နည်းဥပဒေများ (Right of Way Rule) ရေးဆွဲနိုင်ရေး ကိစ္စများအား ဆွေးနွေးခဲ့ကြပါသည်။

   ထို့နောက် ကော်မတီအတွင်းရေးမှူး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ရကုမ္ပဏီများမှ တင်ပြလာသည့် အခက်အခဲများ၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ လျှောက်ထားလာရာတွင် ဦးစီးဌာနမှ စိစစ်ခွင့်ပြုသည့် လုပ်ငန်းစဉ်များ၊ ဆက်သွယ်ရေး အခြေခံအဆောက်အဦများ တည်ဆောက်ရာတွင် သက်ဆိုင်ရာမြေနှင့် အဆောက်အအုံအသုံးပြုမှုနှင့် စပ်လျဉ်း၍ နည်းဥပဒေများ၊ ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ရေးကိစ္စများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် အခြေအနေများအား တင်ပြဆွေးနွေးခဲ့သည်။

 အစည်းအဝေးသို့တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ သက်ဆိုင်ရာအဖွဲ့ဝင် ဝန်ကြီးများနှင့် ဖိတ်ကြားထားသော သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များကလည်း ၎င်းတို့တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဆက်သွယ်ရေးအခြေခံအဆောက်အဦများ ချခင်းတည်ဆောက်ရာတွင် ကြုံတွေ့နေရာသည့် အခက်အခဲများ၊ ကန့်ကွက်မှုများ၊ ဆက်သွယ်ရေကွန်ရက်အထောက်အကူပြု အခြေခံအဆောက်အအုံ ဖြတ်သန်း ချခင်းခွင့်ဆိုင်ရာနည်းဥပဒေတွင် ပါဝင်စေလိုသည့်အချက်အလက်များ၊ ဆက်သွယ်ရေးအခြေခံ အဆောက်အဦများ တည်ဆောက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများအား ဖြေရှင်းဆောင်ရွက်နိုင်ရေး ကိစ္စများအား ဆွေးနွေးခဲ့ကြပြီး ညှိနှိုင်းအစည်းအဝေးအား နေ့လယ် (၁၃ : ၀၀ ) အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။